Headlines News :
Home » » ဧရာဝတီမြစ်ရဲ့အသံတွေ ပြန်ကျယ်လောင်လာလေတော့ ကျွန်တော့အမြင်အရတော့ ကောင်းမွန်ပြည့်စုံတဲ့ ဆန်းစစ်ချက်ကို SOP ကိုက်ညီအောင် မလုပ်ပဲ လုပ်ငန်းစခဲ့တဲ့အတွက် တရားဥပဒေအရ ကျွန်တော်တို့ကတောင်ပြန် တရာစွဲ အရေးယူသင့်တယ်။

ဧရာဝတီမြစ်ရဲ့အသံတွေ ပြန်ကျယ်လောင်လာလေတော့ ကျွန်တော့အမြင်အရတော့ ကောင်းမွန်ပြည့်စုံတဲ့ ဆန်းစစ်ချက်ကို SOP ကိုက်ညီအောင် မလုပ်ပဲ လုပ်ငန်းစခဲ့တဲ့အတွက် တရားဥပဒေအရ ကျွန်တော်တို့ကတောင်ပြန် တရာစွဲ အရေးယူသင့်တယ်။

Written By လွင့်မောင်မောင် on Saturday, April 9, 2016 | 10:57 PM


မောင်ထွန်းလွင် (၉-၄-၂၀၁၆ - ည(၈း၅၄)နာရီ)

ငယ်ငယ်က အမေဆုံးမခဲ့တဲ့စကားနဲ့ ဧရာဝတီမြစ်ကြီးရဲ့ဒိုင်ယာရီ
မောင်ထွန်းလွင် (မိုးလေ၀သ)
ငယ်ငယ်က အမေဆုံးမခဲ့တဲ့ စကား။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်းကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ်မာရတယ်” တဲ့။ အဲဒီလို သင်လွယ်။ တတ်လွယ်၊ နားလည်လွယ်တဲ့ လိမ်မာပါးနပ်မှုရှိတဲ့ကလေးတွေဟာ အသားမနာပဲ အဖိုးတန်တဲ့ သင်ခန်းစာကောင်းတွေကို ရနိုင်တယ်တဲ့။ အသားနာမှ လိမ်မာလာရတာ၊ သင်ယူတတ်မြောက် လာရတာဟာ တိရိစ္ဆာန်နဲ့ မထူးဘူးတဲ့။
အိမ်နီးချင်းအိမ်က မြစ်ကြီးတစ်စင်းရဲ့ ဒိုင်ယာရီ။
ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးဟာ ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်တဲ့အပြင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်းလည်း ဖြစ်တယ်။ အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန် တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှု လုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရသလို ဖြစ်ခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာ ကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံး သွားတော့မှာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု လောဘတွေကြောင့် ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေနဲ့တိုင်းပြည်။
အဲဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ အခြား အခရာ မြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေဟာလည်း ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်လာတယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ်ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
အရှည်မတည်တံ့နိုင်တဲ့ … ဖွံ့ဖြိုးတိုးတက်မှု
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်ဖြစ်လာလို့ ပတ်ဝန်းကျင်ရေးရာပညာရှင်များက ၀ိုင်းသတိပေးတာကို နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. အရှည်မတည်တံ့နိုင်တဲ့ ဖြွံ့ဖိုးတိုးတက်မှုရဲ့ သာဓကတွေပါပဲ။ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။
၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Dam ကြောင့် ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅ GW မှ ၈၅ GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်။ မကြာသေးမီကာလများအတွင်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ မိုးခေါင်မှုကြုံတွေ့နေခဲ့ရရာ Hubei ပြည်နယ်တွင် ရေလှောင်ကန် ၁၄၀၀ ကျော်မှာ ရေများ ခမ်းခြောက်လျော့နည်းနေပြီး ရေမျက်နှာပြင်များ နိမ့်ဆင်းကျလျက်ရှိနေတဲ့အတွက် ဆည်မြောင်း လုပ်ငန်းတွေ၊ ရေပေးသွင်း လုပ်ငန်းးတွေ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတော့ပါ။ 3 Gorges Dam ကြောင့် ယန်ဇီမြစ်မှာလည်း ရေမျက်နှာပြင်များ စံချိန်တင်အောင် ကျဆင်းနေတဲ့အတွက် Dam ကြီးမှ နေ့စဉ် ရေကုဗမီတာ (၄)သန်း ထုတ်လွှတ်ပေးနေရပါတယ်။ ရုတ်တရက်ကြည့်လိုက်တော့ Dam ကြီးကိုတောင် ရေတွေလအတ်ပေးနေလို့ ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ အမှန်ကတော့ ယန်ဇီမြစ်ရဲ့ ရပိုင်ခွင့်ရေတွေထဲက သူကထိပ်ကဖမ်းယူသိမ်းထားတဲ့ရေတွေကို မြစ်အောက်ဖက်မှာ မချိမဆန့် ခံစားနေကြရလို့ မတတ်နိုင်လို့ ပြန်လွှတ်ပေးလိုက်ရတာသာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခြောက်သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ် (၁၀)နှစ်တာကာလအတွင်း ရေချိုရေသန့် ရရှိနိုင်မှုမှာ ၁၃% ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ မိုးခေါင်မှုတွေကိုလည်း ပိုမို ကြုံတွေ့လာခဲ့ရပါတယ်။ ဒါကြောင့် တရုတ်အစိုးရက ရေအမြောက်အများ ရရှိနိုင်မှုအပေါ် အမှီပြုနေတဲ့ ရေအားလျပ်စစ်လုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ဖို့ လူထု စည်းရုံးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။
ရေကာတာယဉ်ကျေးမှုထွန်းကားလွန်းတဲ့တိုင်းပြည်
တရုတ်နိုင်ငံဟာ ကမ္ဘာ့ရေကာတာအကြီးစားလုပ်ငန်းတွေရဲ့ ထက်ဝက်ကျော် ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရေကာတပေါင်း ၂၅ ၈၀၀ ကျော်တည်ဆောက်ထားပြီးဖြစ်ပါတယ်။ အနောက်နိုင်ငံ များမှာ သမိုင်းစဉ်တလျှောက် ရေအားလျပ်စစ် 80 GW ထက်ကျော်လွန်ပြီး မထုတ်ကြပေမယ့် တရုတ်နိုင်ငံ ကတော့ ရှေ့သို့ပဲ ဆက်လက် ချီတက်နေပါတယ်။ ယန်ဇီမြစ်ရဲ့ မြစ်ကြောင်း တလျှောက် နဲ့ မြစ်လက်တက်တွေအားလုံးမှာ အကြီးစားရေကာတာကြိးပေါင်း (၁၀၀)ကျော် ဆောက်လုပ်ထားပြီး နဲ့ ဆောက်လုပ်စဲဖြစ်ပါတယ်။ နောက်ထပ်လည်း တရုတ်နိုင်ငံရဲ့ အနောက်တောင်ဖက်မှာ ရှိကြတဲ့ Lancang (the Upper Mekong), Nu, Hongshui and Jiulong Rivers တွေမှာ ရေကာတာ (၄၃)ခု ဆောက်ဖို့ စီမံချက် ချမှတ်ထားပြီးဖြစ်ပါတယ်။
အမှန်တော့ တရုတ်နိုင်ငံမှာ ရေအားလျပ်စစ်ထုတ်လုပ်မှုတွေကို ပြည်သူအများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်နားထားခဲ့တာကြာပါပြီ။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာတော့ တစ်ခုတည်းသော လွပ်လပ်စွာခွင့် ကျန်နေသေးတဲ့ နောက်ဆုံးလက်ကျန်မြစ်ဖြစ်တဲ့ Yunan ပြည်နယ် က Nu River အပေါ်မှာ ရေကာတာ (၁၃)ခု တည်ဆောက်ဖို့ စီမံကိန်းချမျတ်ခဲ့ရာမှာလည်း လုထုရဲ့ ဆန်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်တန့်သွားခဲ့ ရပါတယ်။
မဟာဗျူဟာကျလာပြန်တဲ့ ရေကာတာယဉ်ကျေးမှု
မကြာမီကတော့ တရုတ်နိုင်ငံရဲ့ (၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းချမျတ်ခဲ့ရာမှာတော့ ရေအားလျပ်စစ် လုပ်ငန်းများတည်ဆောက်ခြင်းလုပ်ငန်းတွေ ရပ်တန်းထားခြင်း ပြန်လည် ဖွင့်လှစ်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ကတော့
(၁) ကျောက်မီးသွေး အသုံးပြုမှုကို နှစ်စဉ် ၃% လျှော့ချနိုင်ဖို့(လက်ရှိမှာ တရုတ်နိုင်ငံဟာ ယင်းရဲ့ စွမ်းးအင်ထုတ်လုပ်မှုရဲ့ရ ၇၀% ကို ကျောက်မီးသွေးမှ ရယူနေရပါတယ်)၊
(၂) ရုပ်ကြွင်းလောင်စာမသုံးတဲ့ စွမ်းအင်ထုတ်လုပ်မှုကို ၁၁.၄ % အထိမြှင့်တင်ဖို့ နဲ့
(၃) ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို နိုင်ငံရဲ့ GDP တစ်ယူနစ်တိုင်းအပေါ်မှာ ၁၇% အထိ လျှော့ချပေးနိုင်ဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကျောက်မီးသွေူဓါတ်ားစက်ရုံတွေက ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှု တွေကြောင့် မွန်းကြပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်တဲ့ ကာဇွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုမျာ ကမ္ဘာမှာ အများဆုံး ထုတ်လွှတ်တဲ့နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ နိုင်ငံရဲ့ လိုအပ်နေတဲ့ စွမ်းအင်ရဲ့ ၁၅% ကို ရုပ်ကြွင်း လောင်စာမသုံးတဲ့ နည်းပညာနဲ့ ရယူဖို့ စီမံကိန်းချမှတ် ခဲ့ရာမှာ ၉% သောပမာဏကို ရေအားလျပ်စစ်ကရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီရည်မျန်းချက်ကို အကောင်အထည်ဖေါ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ရေအား လျပ်စစ်ထုတ်ယူမှုကို နှစ်ဆတိုးပြီး 400 GW အထိထုတ်ယူဖို့လိုအပ်လာပါတယ်။ ဒီလို ဆောင်ရွက်ခြင်း အားဖြင့် တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် ကျောက်မီးသွေး မက်ထရစ်တန်ချိန် 1.3 billion အသုံးပြုနေရမှု နဲ့ ကာဗွန်ထုတ်လွှင့်မှု 2.3 billion metric tons ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီအချက်ဟာ တရုတ်နိုင်ငံအဖို့ ရေအားလျပ်စစ်ထုတ်လုပ်မှုအပေါ်မှာ အမှီပြုခြင်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုလျှော့ချနိုင်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ သေချာမှုရှိသော ပြန်လည်ဖြည့်စွမ်းနိုင်သော စွမ်းအင်ဖြစ်ခြင်း၊ ရုပ်ကြွင်းလောင်စာအသုံးချမှုကိုလျှော့ချပေးနိုင်ခြင်း၊ နိုင်ငံရဲ့မြို့ပြနဲ့စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေတဲ့ စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်လိုအပ်မှုကို ဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် ဖြစ်နေပါတယ်။
နည်းဗျူဟာတွေထဲက ဧရာဝတီ
ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက် ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစားနိုင်ကြလောက်အောင် လောဘတွေ နဲ့ ယှဉ်ပြိုင်လိုမှုတွေနဲ့.. ဖုံးနေကြမယ်ဆိုရင် ပေးဆပ်ရမှုတွေဟာ မြင့်မားလာမှာ အမှန်ဖြစ်ပါတယ်။
ယန်စီမြစ်ဟာ လောဘသမားများရဲ့ ၀ါးမြိုခြင်းကို ခံခဲ့ရပြီးပြီ။ ယန်စီတင်မက တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ယန်စီနဲ့ ဘ၀တူဖြစ်ခဲ့ရပြီ။ ပြည်ထဲက ရှိသမျှ မြစ်တွေကို အသွေးအသားဝါးမြိုလို့ ပြီးတော့ ….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့ အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။ လောဘသမားတွေ တွေ့သွားတယ်။
တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီကို လောဘသမားတွေ တွေ့သွား တယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံး နှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး အသုံးပြုဖို့ မျက်စိကျခဲ့ကြပြီ။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်း ကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ်မာရတယ်” တဲ့။
အမိ..ဧရာဝတီ၊ အမိရဲ့ကျေးဇူးတရားကို စောင့်သိရိုသေသူ.. မြန်မာနိုင်ငံသူ.. နိုင်ငံသား.. သားသမီးအပေါင်းကတော့၊ အမိရဲ့ ကျန်းမာရေးအတွက် ရတက်မအေး.. ဖြစ်နေကြရပါပြီ။
ကျွန်တော်တို့ဆီမှာ သင်လွယ်၊တတ်လွယ်၊အတုယူလွယ်တဲ့ ကလေးတွေ ပေါများနိုင်ကြ ပါစေ။
 https://www.facebook.com/tunlwin48/posts/1274577209223515
 မောင်ထွန်းလွင်(မိုးလေ၀သ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template