ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ကနေ အကျဉ်းသား ၃၈ ဦး ဒီနေ့မနက်ပိုင်း လွတ်မြောက်ခဲ့တယ်လို့ ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်က ထောင်အရာရှိတဦးက ပြောပါတယ်။
ဒီနေ့လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ သာမန်အမှုငယ်တွေနဲ့ အကျဉ်းကျသူများသာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်း မရှိခဲ့ဘူးလို့လည်း ထောင်အရာရှိက ပြောပါတယ်။
လွတ်မြောက်လာသူ ၃၈ ဦးမှာ အမျိုးသမီး ၂ ဦး ပါဝင်ခဲ့ပြီး လွတ်ရက်စေ့ ၅ ဦး ထောင်လျော့ရက်နဲ့ လွတ်လာသူ ၃၃ ဦး တို့ ဖြစ်ပါတယ်။
မူးယစ်မှုနဲ့ ပြစ်ဒဏ် နှစ် ၃၀ ကျခဲ့သူ အကျဉ်းသားတဦးကတော့ ပြစ်ဒဏ်ကို ၁၆ နှစ်နီးပါး ကျခံခဲ့ရပြီး နှစ် ၃၀ ပြည့်ဖို့ ၁၄ နှစ် ထောင်လျော့ရက်နဲ့ လွတ်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုလွှတ်လိုက်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားများ မပါဝင်ခဲ့သလို လူသတ် မုဒိမ်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေလည်း မပါဝင်ခဲ့ဘူးလို့ ထောင်အရာရှိတဦးက ပြောပါတယ်။
(သတင်း – မင်းရဲစစ်နိုင်)
DVB