Headlines News :
Home » » မန္တလေးမြို့၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ဟု သမ္မတဦးသိန်းစိန် ပြောကြား

မန္တလေးမြို့၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ဟု သမ္မတဦးသိန်းစိန် ပြောကြား

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 1:28 PM

 July 7, 2014
မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့်ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဇူလိုင် ၇ ရက် ညပိုင်းက မန္တလေးပဋိပက္ခနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်အဖွဲ့အစည်းများဖြည့်ဆည်း ထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး လိုအပ်သည့်စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသူများနှင့် ပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြသူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနှင့် ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့အတူ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများကို နိုင်ငံတော်အနေဖြင့် လုံးဝသည်းခံမည်မဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏အကျိုးကို ရှေးရှုခြင်းမပြုဘဲ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံကိုဖျက်ဆီးလိုသူများသည် လူမျိုးတိုင်းဘာသာတိုင်း၏ လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။
“ယခုမန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စုအဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ အခုလို သွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံအားပေးခြင်း၊ ဥပဒေမဲ့ တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေအတိုင်း ဖြစ်စေဖို့အတွက် နိုင်ငံသားအားလုံးက အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်ရွက်မှုများကို အားမပေးဘဲရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှုမပြုကြဖို့နဲ့ အဆိုပါအပြုအမူများကို ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက အသိရှိရှိ၊ သတိရှိရှိနဲ့ ဥာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတဦးသိန်းစိန်ကဆိုသည်။
မိမိတို့နိုင်ငံသားများသည် ဒီမိုကရေစီ အနှစ်သာရများဖြစ်သည့် မတူကွဲပြားမှုများကို နားလည်လက်ခံခြင်း၊ လူအနည်းစု၏ ဆန္ဒနှင့် ဆုံးဖြတ်ခြင်းဖြစ်သော်လည်း လူအနည်းစု၏ အခွင့်အရေးများကိုလေးစားခြင်း၊ မတူညီတဲ့ ရပ်တည်ချက်များအပေါ် တွင်ငြိမ်းချမ်းစွာ ညှိနှိုင်းစေ့စပ်အဖြေရှာခြင်း စသည့်အလေ့အကျင့်များကို မွေးမြူကြရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများသည် မိမိတို့ယုံကြည်ရာ ဘာသာတရားများကို လွတ်လပ်စွာကိုးကွယ်ခွင့် အပြည့်အ၀ ပေးအပ်ထားတာကို တွေ့ရမှာဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း၌ မိမိတို့နိုင်ငံအနေဖြင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ စိန်ခေါ်မှုများကိုရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း သမ္မတကပြောကြားသည်။
“တချို့သောပဋိပက္ခများဟာ  ဆင်းရဲမွဲတေမှု၊ ပညာချို့တဲ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျမှုစတဲ့နက်နဲတဲ့ အကြောင်းတရားများ စွာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း တချို့သော ပဋိပက္ခများကတော့ ကျွန်တော်တို့လူမှု အဖွဲ့အစည်းရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီအလေ့အထများ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို တမင်နှောင့်ယှက်ဖျက်ဆီးလိုတဲ့သဘောနဲ့ ရည်ရွယ်ချက်ရှိရှိလှုံ့ဆော် လုပ်ဆောင်နေခြင်း ဖြစ်တာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု သမ္မတကပြောကြားသည်။
ထို့အပြင် သမ္မတက မန္တလေးသူ၊ မန္တလေးသားများအနေဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ ဒေသစွဲဖြင့် ငြိမ်းချမ်းစွာယှဉ်  တွဲနေထိုင်ခဲ့ကြသည့် အစဉ်အလာရှိခဲ့ပြီး  ဂုဏ်သတင်းကျော်ဇောမှု ရှိခဲ့သည့်အပြင် ယင်းကဲ့သို့ နေထိုင်ခဲ့ကြသဖြင့် ယခုပဋိပက္ခ ဖြစ်စဉ်တွင် သွေးထိုးလှုံ့ဆော်မှုများကိုအသိ၊ သတိ၊ စဉ်းစားဆင်ခြင်ဥာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့ကြကြောင်းကို ချီးကျူးပြောဆိုခဲ့ကာ မန္တလေး၌ ဖြစ်ပွားမှုကို သင်ခန်းစာယူ၍ အခြားဒေသများတွင် ထပ်မံမဖြစ်ပွားရန် ပြည်သူများအားလုံး အစိုးရနှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ကာ သေဆုံးခဲ့သူနှစ်ဦးအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြောင်းကိုလည်း ပြောကြားခဲ့သည်။
“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှု အမြင့်မားဆုံးနိုင်ငံထဲက တစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ် စေမယ့်ရေးသား ပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်” ဟု သမ္မတက ပြောကြားသည်။
သမ္မတ၏မိန့်ခွန်းပါ မီဒီယာများအား သတိပေးပြောကြားမှုမှာ မည်သည့်မီဒီယာအား ရည်ညွှန်းပြောဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။
ပြီးခဲ့သည့်ဇွန်လအတွင်းက ပြည်တွင်းပုဂ္ဂလိက မီဒီယာများအနေဖြင့် ရဲသတင်းတပ်ဖွဲ့မှခေါ်ယူ၍ ၎င်းတို့သိလိုသည်များကို မေးမြန်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ပြီး မီဒီယာအချို့မှာ သွားရောက် ဖြေဆိုခြင်းမရှိကြောင်း သိရသည်။
အလားတူ ယခုမန္တလေးပဋိပက္ခ ဖြစ်စဉ်၌လည်း တရားဝင်ရပ်တည်နေသော ပုဂ္ဂလိကသတင်းမီဒီယာအများစုမှာ ပဋိပက္ခရပ်တန့်ရေးနှင့် တည်ငြိမ်ရေးအတွက် သတင်းနှင့် သတင်းဓာတ်ပုံများ သတိထားဖော်ပြခဲ့ပြီး ဖေ့စ်ဘွတ်ခ်အပါအ၀င် အင်တာနက်စာမျက်နှာ များမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများအား ဖော်ထုတ်အရေးယူရန် ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ဖော်ပြမှုများကြောင့်ပင် ပုဂ္ဂလိကသတင်း မီဒီယာအချို့ထံသို့ ခြိမ်းခြောက်စာပေးပို့ ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template