Headlines News :
Home » » တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူးတင်ကြောင်း သမ္မတရုံး ထုတ်ပြန်

တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူးတင်ကြောင်း သမ္မတရုံး ထုတ်ပြန်

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 1:17 PM


မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တစ်ခုကို သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်မှာ-
“လူမျိုးဘာသာမရွေး ရင်းနှီးချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှု သမိုင်းအစဉ်အလာကြီးမားသော မန္တလေးမြို့တော်သည် တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအဝင် ဘာသာရေးခေါင်းဆောင်များ စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီဟု ဆိုနိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
အစိုးရအနေဖြင့် ပဋိပက္ခများ ပြန့်ပွားခြင်း မရှိစေရန် လိုအပ်သော ပြင်ဆင်မှုများ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ခြင်းနှင့် ယဉ်ကျေးသော၊ သိမ်မွေ့သော၊ နူးညံ့သော မန္တလေးမြို့သူ မြို့သားများ၏ အစဉ်အလာကောင်းကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ယနေ့အချိန်အခါတွင် တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆောင်ကြဉ်း ရရှိစေခဲ့ခြင်း ဖြစ်ပါသည်။
ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေး ဆက်သွယ်သော မြို့သူမြို့သားအားလုံး၏ အမည်များ အားလုံးကို ဖော်ပြနိုင်ခြင်း မပြုနိုင်သော်လည်း ထိုသူများသည် မန္တလေးမြို့အတွက် နောက်ကွယ်မှ တာဝန်သိခဲ့ တာဝန်ကျေခဲ့ကြပြီကို အသိအမှတ်ပြု ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ တာဝန်သိ ပြည်သူများ၏ ကြိုတင်သတင်း ပေးပို့မှုများကို အားကိုးအားထားပြု၍ လူထုအခြေပြု တားဆီးကာကွယ်မှုများ၊ အချိန်မီ ဖြေရှင်းဆောင်ရွက်မှုများ၊ စစ်ဆေးဖော်ထုတ်မှုများ လုပ်ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အနေဖြင့်လည်း နေ့မအား ညမနား၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင် ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။
အရေးကြီးသောအခါ သွေးစည်းလေကြသော အစဉ်အလာများနှင့်အညီ သတင်းမှားများ၊ ကောလာဟလများကို မိမိတို့ အသိစိတ်ဓာတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်များ ထုတ်ပြန်ပေးခဲ့ကြသော မန္တလေးသူ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ယက် အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပါသည်။ အလားတူ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ရန် ကမ်းလှမ်းခဲ့ကြသော အမေရိကန်အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley မှ သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
ဤသို့ မန္တလေးသူ မန္တလေးသားများ အပါအဝင် တာဝန်သိတာဝန်ကျေပွန်သော ပြည်သူလူထု အခြေပြုပူးပေါင်း ဆောင်ရွက်မှုဖြင့် စိတ်ပူပန်ရ၊ မလုံခြုံဟု ခံစားခဲ့ရသော မန္တလေးမြို့တော်ကြီးအား အကျည်းတန် အရုပ်ဆိုးစေမည့်အဖြစ်သို့ မရောက်ရှိစေရန် ထိုက်သင့်သလောက် ကာကွယ်နိုင်ခဲ့ပြီဟု ယုံကြည်ပါသည်။ ကိုးကွယ်ရာဘာသာ မတူညီသည့်တိုင် အချင်းချင်းဖေးမကူညီ ကာကွယ်စောင့်ရှောက်ပြီး ခက်ခဲသောအခြေအနေတွင် နားလည်မှုမလွဲမှားအောင် ထိန်းကျောင်းပေးခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တာဝန်သိလူငယ်များကိုလည်း လေးနက်စွာ ကျေးဇူးတင်ရမည် ဖြစ်ပါသည်။
ရှေ့ဆက်ပြီး အလားတူ အခြေအနေ ပေါ်ပေါက်စေရန် လှုံ့ဆော်မှုများ ရှိလာပါက အစိုးရ၊ ရဲတပ်ဖွဲ့တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပြီး မန္တလေးမြို့ကို ကာကွယ်ပေးကြပါရန်နှင့် ကိုးကွယ်ယုံကြည်မှု မတူသူများအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ငြိမ်းချမ်းစွာ ညီညွတ်မျှတ သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်း ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်” ဟူ၍ ပါရှိပါသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template