(SNDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် |
ပြည်နယ် ၇ ခု၏နာမည်ကို လက်ရှိလူမျိုးစုနာမည်အစား မြို့တော်များ၏ နာမည်အဖြင့် ပြောင်းလဲရန် နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက အကြံပြုချက်တင်သွင်းလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသားတွေကြားထဲမှာပိုပြီးသွေးဝမ်းကွဲတာဖြစ်မယ်။ အမြင်မတူတာတွေဖြစ်လာမယ်။ စိတ် ဝမ်းကွဲမှုတွေ ပိုမိုကြီးထွားလာစေတဲ့ အတွက်ကြောင့် တိုင်းရင်းသားစည်းလုံးညီမှုကို ထိခိုက်စေ နိုင်တဲ့ အတွက် မတင်သင့်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောသည်။
စိုင်းသီဟကျော်၏ ကန့်ကွက်စာ |
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာသည် တိုင်းရင်းသားလူမျိုးနာမည်တွေကြောင့် ဖြစ်သည့် ပြဿနာမဟုတ်သည့်အတွက် လတ်တလောအခြေအနေမှာ နာမည်ပြဿနာထက် ပြည်နယ်နှင့်တိုင်း ခွဲခြားထားသည့် ကိစ္စကို ပြောသင့်ကြောင်း ဦးအောင်သောင်း၏ အကြံပြုချက်ကို လွှတ်တော်တွင် ကန့်ကွက်ထားသည့် စိုင်းသီဟကျော်ကဆိုသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှုးဦးစိုင်းညွန့်လွင်က “ သူ့ သမိုင်းနဲ့သူလာတယ်။ ဒေသတွေကသျှမ်းဆိုလည်းသျှမ်း ၊ကချင်ဆိုလည်းကချင်ပေါ့။ ပြည်ထောင်စု ပေါင်းတုန်းကလဲ သျှမ်းပြည်နယ်ပေါင်းခဲ့တာပဲ။ အခုကျမှ ဒါတွေကိုဖျောက်ဖျက်ပစ်လို့မရဘူးလေ ပြဿနာတွေ အများကြီးဖြစ်ကုန်မှာပေါ့ ” ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ တွင်ပါရှိသော ပြည် နယ် ၇ ခု ၊တိုင်း ၇ ခုနှင့်ပြည်ထောင်စုနယ်မြေများကို ပိုင်ခြားသတ်မှတ်ခြင်း တွင် ဦးအောင်သောင်း က ပြည်နယ်ခုနစ်ကို လူမျိုးစုအမည်အစားမြို့တော်အမည်များဖြင့်ပြောင်းလဲရန် အကြံပြုထားကြောင်း အောက်တိုဘာ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာပါရှိသည်ဟု 7 day နေ့စဉ် သတင်းစာတွင် ဖော်ပြထား သည်။
“ဖွဲ့စည်းပုံကိုပြင်ပြီးမှ ဖြစ်မှာပါ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ဒီကိစ္စကိုလုပ်လို့မရပါဘူး။ ဖွဲ့စည်းပုံထဲမှာလဲ ပါပြီးသား။ ဒေသတွေရဲ့ နာမည်ပြောင်းမယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကိုရယူမှသာ ပြင်ရမယ်ဆိုတဲ့ အချက်ပါပြီးသား။ ဒါပြင်နိုင်တယ် မပြင်နိုင်ဘူးဆိုတာ ပြည်သူတွေရဲ့ သဘောကိုယူသင့်တယ်” စိုင်းသီဟကျော်က ဆိုသည်။
၂၀၀၈ အခြေခံဥပဒေ၊ အခန်း ၁ ပုဒ်မ ၉ (ဂ) တွင် တိုင်းဒေသကြီးတစ်ခုခု၏အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်ခုခု၏အမည်ကိုဖြစ်စေပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီးဥပဒေပြဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဟုဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်