Headlines News :
Home » » မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် KIA ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆိုကာ အဆိုပါလုပ်ရပ်အပေါ် KIO ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်

မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် KIA ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆိုကာ အဆိုပါလုပ်ရပ်အပေါ် KIO ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်

Written By လွင့်မောင်မောင် on Friday, November 21, 2014 | 8:27 AM


မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာဝင်းအတွင်း ပြုလုပ်သော ဆုတောင်းပွဲကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုကာ ထိုလုပ်ရပ်အပေါ် KIO  ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂ဝ ရက်က KIO  မှ ထုတ်ပြန်ကြေညာခဲ့သည်။
၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင်  KIA ဗိုလ်သင်တန်းကျောင်းသို့ KIO ဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်တောင်ကြောတစ်လျှောက် တပ်စွဲထားသော မြန်မာ့တပ်မတော် တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး ကျဆုံးကာ သင်တန်းသားနှင့် သင်တန်းနည်းပြပေါင်း ၂ဝ ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ဖက်ဖြစ်ပွားနေသော ပြ ဿနာများကို ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးဖြေရှင်းကာ စစ်ရှိန်လျှော့ချနိုင်ရန် ကြိုးပမ်းနေစဉ်ကာလအတွင်း နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် ဗိုလ်သင်တန်းကျောင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို  KIO ဗဟိုကော်မတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါသည် ဟု KIO က ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် KIO ဗဟိုဌာနချုပ် အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် တပ်စခန်းများ အလွန်နီးကပ်စွာ တပ်စွဲထားသော လက်နက်ကြီးများ ဖြန့်ကြက်ချထားပြီး မိမိတပ်စခန်းဘက်သို့ ရန်လိုသောသဘောဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရသည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာအောင်မြင်နိုင်ရေးအတွက် မြန်မာ့တပ်မတော်ဘက်မှ KIO ဗဟိုဌာနချုပ်နှင့် နီးကပ်စွာဖြန့်ကြက်ထားသော ခရာဘွမ်တောင်ကြောတစ်လျှောက်မှ လက်နက်ကြီးများ ဖယ်ရှားပေးရန်နှင့် စစ်စခန်းများကို ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း KIO ၏ကြေညာချက်တွင် ပါဝင်သည်။
နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် NCCT ၏ ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို KIO ဗဟိုကော်မတီမှ ထောက်ခံပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေစဉ်အတွင်း မြန်မာ့တပ်မတော်စစ်ကြောင်းတပ်ဖွဲ့များက KIA တပ်စခန်းများကို အကြောင်းမဲ့ပစ်ခတ်မှုများ၊ စခန်းသိမ်းတိုက်ပွဲများ၊ ချုံခိုတိုက်ခိုက်မှုများ အစီအစဉ်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 
အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများလျှော့ချနိုင်ရေးနှင့် ပဋိပက္ခများ ညှိနှိုင်းဖြေရှင်းနိုင်ရေးဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် KIO ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်နောင်က KIO မှ ကြေညာချက် ထုတ်ပြန်ထားသည်ကို အတည်ပြုပေးခဲ့ပြီး  ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်အောင်မြင်ရေး ကြိုးစားသွားမည်ဟု ပြောကြားသည်။
အစိုးရနှင့် KIO တို့အကြား  ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာပြုလုပ်ထားပြီး ၂ဝ၁၄ ခုနှစ် မေလအတွင်းက တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား စစ်ရှိန်လျှော့ချရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် နှစ်ဖက်သဘောတူညီခဲ့ကြကာ နှစ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အစိုးရနှင့် KIO တို့အကြား အပစ်ရပ်စဲရေး သဘောတူညီမှုမရရှိသေးသော်လည်း အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေသည့်  NCCT တွင် KIO မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးညှိနှိုင်းလျက်ရှိနေပြီး အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲကို ယခု နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းတွင် ဆောင်ရွက်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများက ကြိုးစားလျက်ရှိသည်။
လိုင်ဇာ ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်သည် UPWC နှင့် NCCT တို့အကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု ရှိ၊ မရှိ နှင့်ပတ်သက်ပြီး UPWC အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက “ဒီဖြစ်စဉ်က မနေ့ကမှ ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ နားလည်ထားတာက NCCT အစည်းအဝေးက ထိုင်းမှာ ၂၄၊ ၂၅၊ ၂၆ သုံးရက် ဆောင်ရွက်မှာဖြစ်တော့ အခုထိ ဘာမှတော့အပြောင်းအလဲ မရှိသေးဘူးလို့ သိရတယ်။ 
အဲဒီအစည်းအဝေးပြီးမှပဲ ရက်ချိန်းရှိတော့ အခုထိတော့ ဘာမှပြောင်းလဲတယ်ဆိုတာ မတွေ့ရသေးပါဘူး” ဟု ပြောကြားသည်။
၂၃ ဦးသေဆုံးခဲ့ပြီး ၂ဝ ဒဏ်ရာရရှိခဲ့သည့် လိုင်ဇာ ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သင်တန်းသားများထဲတွင် KIA မှ သင်တန်းသားများသာမက  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ သင်တန်းသားများလည်း ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေ သည်။
TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က “လောလောဆယ်တော့ ဘာမှထုတ်ပြန်ပြောဆိုဖို့ မရှိသေးဘူးခင်ဗျ။ သင်တန်းတက်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျတော့ သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ ထုတ်ပြန်သွားမှာပါ” ဟု ပြောကြားသည်။
လိုင်ဇာရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း နိုဝင်ဘာ ၂ဝ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ကျဆုံးခဲ့သူများတွင်  ABSDF မှ သင်တန်းသားရဲဘော်နှစ်ဦး ပါဝင်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် လက်ရှိ ကြိုးပမ်းဆောင်ရွက်နေကြသည့် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်း၊ မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးဆက်များမဖြစ်စေလို၍ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂ဝ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗိုလ်သင်တန်းကျောင်းအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို လုံးဝရှုတ်ချ ကန့်ကွက်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်နေသောကာလတွင် တစ်ဖက် နှင့် တစ်ဖက် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုံးဝမဖြစ်သင့်ကြောင်း၊ တိုင်းရင်းသားများအား စစ်အင်အားသုံး၍ တိုက်ခိုက်နေမှုအပေါ် လုံးဝရပ်တန့်ပါရန်နှင့် ဆွေးနွေးစရာရှိသည်များကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ ဆွေးနွေးပါရန်
 နိုင်ငံတော်အစိုးရကို တောင်းဆိုသည်ဟု ဖော်ပြပါရှိသည်။  
အောင်ဇော်ထွန်း EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template