
ပါကစ္စတန်စစ်တပ်ဟာ ကျန်ခဲ့တဲ့ ၅ လအတွင်း တာလီဘန်ဆန့်ကျင်ရေး ခုခံစစ်ပွဲအတွင်း စစ်သွေးကြွလို့ သံသယရှိသူ အယောက် ၁၂၀၀ ကို သတ်ခဲ့တယ်လို့ အကြီးတန်း အရာရှိတွေက နိုဝင်ဘာလ ၁၅ ရက်နေ့က ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို အသည်းအသန် လျှော့ချဖို့ ခုလိုလုပ်တာလို့ ပဋိပက္ခ ဖြစ်ရာဒေသကို ရှားရှားပါးပါး ခရီးစဉ်အတွင်းမှာ ပြောပါတယ်။
ဇွန်လကစတဲ့ စစ်ဆင်ရေးဟာ နိုင်ငံမြောက်ပိုင်း တောင်တန်းပေါရာ ဝါဇီရစ္စတန်ဒေသမှာ ခြေကုပ်ယူထားတဲ့ စစ်သွေးကြွခြေကုပ်စခန်းကို ပစ်မှတ်ထားခဲ့တာပါ။ ဒီဒေသဟာ အာဖဂန် နစ္စတန်နဲ့ နယ်စပ်ဖြစ်ပြီး ၂ နိုင်ငံလုံးက လူသေစေတဲ့ တိုက်ခိုက်မှုတွေအတွက် အခြေစိုက် တပ်စခန်းလည်း ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကနေ အနောက်မဟာမိတ်တပ်တွေ ဆုတ်ခွာချိန်မှာ ခုခံစစ်ကို ဆင်နွှဲတာပါ။
ဒေသတွင်း ဒုတိယအကြီးဆုံးမြို့ မီယာအလီမှာတော့ တိုက်ခိုက်မှုမခံရတဲ့ အဆောက်အဦ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ မြောက်ဝါဇီရစ်စတန် တပ်တာဝန်ခံအရာရှိ ဗိုလ်ချုပ်ကြီး ဇဖာရူလာ ခန်းကတော့ သိသာထင်ရှားတဲ့အောင်မြင်မှုတွေ ရခဲ့တယ် ထောက်လှမ်းရေး အခြေပြု စစ်ဆင်ရေးပေါင်း ၂ ထောင်လောက် လုပ်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ဆင်ရေးမစခင်မှာ မြောက်ဝါဇီရစ္စတန်က အရပ်သားအများစု ခန့်မှန်းခြေ လူ ၁ သန်း လောက်ကို ဒေသတွင်းက ထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ သူတို့ ပြန်လာဖို့ ဘေးကင်းတာ ရာနှုံးပြည့်သေချာရမှာ ဖြစ်လို့ ခုတော့ ပြန်လာဖို့ ခွင့်မပြုရသေးဘူးလို့လည်း ပြောပါတယ်။
ဥပဒေမဲ့ဒေသတွင်းက ထောင်သောင်းချီနေတဲ့ လူတွေဟာ ခုတော့ သူတို့အိမ်နဲ့အဝေးမှာ ဆိုးရွားပြင်းထန်တဲ့ ဆောင်းရာသီကို ရင်ဆိုင်နေရပါတယ်။ အိမ်ပြန်ရောက်ရင်လည်း အများအပြားက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ အိမ်တွေကိုပဲ ရှာရတော့မှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ