Headlines News :
Home » » မြန်မာ့ တပ်မတော် နှင့် '၀'တပ်တို့ ဆက်လက်တင်းမာနေပါက တိုက်ပွဲဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်

မြန်မာ့ တပ်မတော် နှင့် '၀'တပ်တို့ ဆက်လက်တင်းမာနေပါက တိုက်ပွဲဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်

Written By Live100 on Tuesday, June 23, 2015 | 9:30 PM



ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်အတွင်း `၀´စစ်တပ်နှင့် မြန်မာစစ်တပ်တို့၏ စစ်ဘက်ရေးရာ တည်ငြိမ်မှု မရှိခြင်းကြောင့် ဒေသခံများ စိုးရိမ်မှုဖြစ်ပွားလျှက်ရှိပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေလျှက်ရှိကြောင်း သိရသည်။

"အဓိကတော့ `၀´တပ်ဖက်က ပစ်မယ်ပစ်မယ်လို့ ခဏခဏခြိမ်းခြောက်နေသံတွေကြားနေတာ အဲ့ဒါကြောင့် လူတွေလည်း အပြင်မထွက်ရဲဘူး၊ မြန်မာစစ်တပ်ဘက်ကတော့ `၀´စစ်တပ်ဖက်ကပစ်ရင် ပြန်ပစ်ဖို့ အမိန့်ပေးထားပြီလို့ သိရတယ်၊ ဒီအတိုင်း ဆက်ပြီး တင်းမာနေမယ်ဆိုရင်တော့ တိုက်ပွဲ ဖြစ်နိုင်တယ်....."ဟု မိုင်းဆတ်မြို့ ဒေသခံဖြစ်သူ မစန်းအေးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

  နှစ်ဖက် စစ်ရေးတင်းမာမှုကြောင့် မိုင်းဆတ်မြို့ ကုန်စည်စီးဆင်းမှုမှာလည်း အေးစက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင်လည်း ကားများနှင့် ခရီးသွားလာမှုအား ကြပ်မတ်စွာ စစ်ဆေးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"အရင်က ဟင်းသီးဟင်းရွက်တို့ အသားငါးတို့ နေ့တိုင်း သွားရောင်းတယ်၊ ကျွန်တော့်လို သွားရောင်းတဲ့သူ အများကြီး၊ အခု သိပ်မသွားရဲတော့ဘူး၊ တာချီလိတ်ကနေပြီးပေါ့ အဓိကသွားရောင်းတဲ့နေရာကတော့ မိုင်းဆတ်သွားလမ်းတစ်လျှောက် အခုတော့ မသွားတော့ဘူး၊ နယ်မြေဂိတ်တွေမှာလဲ `၀´တပ်ရော၊မြန်မာတပ်တွေရော စစ်ဆေးကြတာဆိုတော့ ကြောက်တာလည်းပါတယ်.."ဟု မော်တော်ဆိုင်ကယ်ဖြင့် ကုန်ပစ္စည်းသွားရောက်ရောင်းချသူ တစ်ဦးမှပြောသည်။

မိုင်းဆတ်မြို့နှင့်မိုင်းတုံမြို့နယ်များတွင် `၀´စစ်တပ်ဖက်မှ သစ်ခိုးထုတ်သည်ဟု စွတ်စွဲချက်ဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ ယနေ့အထိ ရပ်တန့်ခြင်းမရှိသေးကြောင်းသိရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျန်ဒေသများတွင် အနည်းငယ်စိုးရိမ်မှုများရှိကာ မိုင်းလားမြို့တွင် တည်ငြိမ်အေးချမ်းလျှက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျိုင်းတုံမြို့နှင့်နီးစပ်သည့် မိုင်းလားကိစ္စနှင့် ပတ်သက်၍လည်း "မိုင်းလားကို ဒီနံနက်က ဖုန်းဆက်မေးတာ၊ မြို့တွင်းအခြေအနေကောင်းတယ်တဲ့၊ ဘာမှမဖြစ်ဘူးလို့ ပြောတယ်၊ အရောင်းအ၀ယ်ကတော့ ပုံမှန်ပဲ၊ မစိုးရိမ်ရဘူးလို့ပြောတယ်..."ဟု ဒေသခံ တစ်ဦးက ပြန်လည် ပြောပြသည်။

"တကယ်လို့များ '၀'အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် နယ်စပ်တစ်လျှောက်က ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်လာရင် အကာအကွယ်ပေးနိုင်ရန်နဲ့ ကယ်ဆယ်မှုတွေ ဆောင်ရွက်နိုင်ရန်အတွက် ဆိုပြီးတော့ မယ်ဆိုင်ဘက်မှာတော့ ထိုင်းစစ်တပ်၊ မြို့ပိုင် နဲ့ လူမှုရေးအသင်းအဖွဲ့တွေ သင်တန်းပို့ချနေတာကို တွေ့ခဲ့ရတယ်.."ဟု မယ်ဆိုင်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ကိုဝင်းမြင့်က ပြောပြသည်။

နှစ်ဖက်အခြေအနေနှင့် ပတ်သက်၍"ပြီးခဲ့တဲ့ ရက်က ကျွန်တော်တို့ဘက်က ပြန်ရုတ်သိမ်းပေးလိုက်တာကို သူတို့ဘက်က အရမ်းစိုးရိမ်သွားတဲ့ သဘောဖြစ်နေပြီး လူအင်အားတွေ ဖြည့်နေတယ်၊ ကျွန်တော်တို့ဘက်က သာမာန် အသွားအလာလောက်ကိုတောင် သူတို့ဘက်က အရမ်းအာရုံထားလာတယ်၊ ဒီကာလက သူ့ဘက်ကိုယ့်ဘက် အမှားမခံတဲ့ အခြေအနေပေါ့.."ဟု အမည်မဖော်လိုသူ မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုင်းတုံ၏ အခြေအနေနှင့် ပတ်သက်၍ " '၀'ဘက်ကတော့ လမ်းမကြီးပေါ်တောင် တပ်ဖက်ကဆိုရင် ပေးမသွားဘူး၊ အရပ်သားတွေကိုပဲ ပေးသွားတယ်၊ ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို မတားဆီးထားဘူး ပေးသွားတယ်၊ သူတို့ဘက်ကတော့ ပိတ်ထားပြီး ကျွန်တော်ဘက်က ပြန်ပိတ်ပြန်ရင်လည်း ပြဿနာဖြစ်အုံးမယ်။ သူတို့ဘက်က မစဘဲနဲ့တော့ ကျွန်တော်တို့ဘက်က ဘာမှ မလုပ်ပါဘူး"ဟုမှ မြန်မာ့တပ်မတော် အရာရှိတစ်ဦးက ပြောပြသည်။

"အချိန်အကြာကြီး တင်းမာနေရင်တော့ ဘယ်သူ့ဘက်မှ မကောင်းဘူး၊ ပြည်သူတွေလည်း ကြောက်စိတ်တွေတိုးလာမယ်၊ နစ်နာမှုတွေ ဖြစ်လာမယ်၊ ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်း၊ မဖြေရှင်းရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ တိုက်ပွဲဖြစ်နိုင်တယ်..."ဟု ၎င်းမှ သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့က တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းမှ မိုင်းဆတ်မြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Tachileik News Agency
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template