ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၂၄၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ရန်ကုန် မန္တလေးနဲ့ ရှမ်းပြည်နယ် ထောင်ကြီးမြို့တွေမှာ နိုင်ငံတ၀န်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးပမာဏက အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၃၉၂ သန်း၊ မန္တလေးမှာ ၆ ဒသမ ၇၃၀၉ သန်း၊ တောင်ကြီးမှာတော့ ၈၂ ဒသမ ၀၈၄၃ သန်း စုစုပေါင်း ဒေါ်လာ ၂၄၄ ဒသမ ၆၅၄၄ သန်း၊ မြန်မာကျပ်ငွေနဲ့ဆိုရင် ကျပ်သန်းပေါင်း ၂၇၇၆၈၂ ဒသမ ၈၃၄၀ တန်ဖိုးရှိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဌာနမှူး ရဲမှူးကြီးမြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ မနှစ်ကထက်စာရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကျော်ဖိုးလောက် ကျနော်တို့ ပိုမိုဖျက်ဆီးနိုင်တယ်ပေါ့နော်။ တားဆီးနှိမ်နင်းအားလည်း တအားကောင်းလာတယ်ပေါ့နော်။ ထူးထူးခြားခြား ဒီနှစ်မှာတော့ တားဆီးနှိမ်နင်းရေးတွေကို ၂၀၁၃ မှာ ကျနော်တို့ရဲ့ မူးယစ်ဗဟိုရုံးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး ဌာနကြီးကို မူးယစ်ဆေးဝါး ထားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆိုပြီး တိုးချဲ့လိုက်တယ်။ တားဆီးနှိမ်နင်းရေး ၂၆ ဖွဲ့ကို ကျနော်တို့က ၅၀ အထိ တိုးချဲ့ပြီးတော့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာ မူးယစ်ဆေးဝါးကို နေရာအနှံ့ပေါ့၊ တားဆီးနှိမ်နင်းရေးကို စစ်ဆင်ရေးအသွင်နဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ အထိ စစ်ဆင်ရေး ၁၁ ခုလုပ်ခဲ့တယ်။”
မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးတွေထဲမှာ ဘိန်းကီလို ၁၂၅၀ ကျော်၊ ဘိန်းဖြူ ကီလို ၅၁၇ နီးပါး၊ အဆင့်နိမ့်ဘိန်း ကီလို ၁၀၀ နီးပါး၊ ဘိန်းဆီခဲ ၇၈ ကီလိုနီးပါး၊ ဆေးခြောက် ၁၂၈ ကီလိုနီးပါး၊ စိတ်ကြွရူးသွပ်ဆေးပြား ကီလို ၁၂၄၂ ကျော်၊ အိုက်စ် မူးယစ်ဆေးဝါး ကီလို ၁၄၅၀ ကျော် စသဖြင့် ပါဝင်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးဖြစ်တယ်လို့ ရှမ်းပြည်နယ် မူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရသေးတာကြောင့်ရယ်၊ ဝေးလံခေါင်ဖျား သွားရေးလာရေး ခက်ခဲတာကြောင့် ဘိန်းစိုက်ပျိုးမှုတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ များပြားနေတာလို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရှမ်း၊ ကယား ဧရိယာ တပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီး ရွှေညာမောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီနှစ်ထဲမှာ ဖမ်းဆီးရရှိမှု အများဆုံးကတော့ ကျနော်တို့ဆီကပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ် ရွှေတြိဂံဒေသ၊ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ အပါအ၀င်ပေါ့၊ ဘိန်းစိုက်ပျိုးမှုမှာ အများဆုံးကတော့ ရှမ်းပြည်တောင်ပိုင်းမှာ ဖြစ်ပါတယ်။ ဒုတိယက အရှေ့ပိုင်း၊ ပြီးမှ မြောက်ပိုင်း၊ အဓိကက နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာ၊ သွားလာရေးခက်တဲ့ ဝေးလံခေါင်ဖျားဒေသနဲ့ ဘိန်းတောင်သူတွေက နှစ်ရှည်လများ မိရိုးဖလာ သက်မွေးဝမ်းကျောင်းစိုက်ပြီး ဘိန်းကလွဲလို့ တခြားဟာ မစိုက်တတ်တာလည်းပါတယ်။”
ဘိန်းစိုက်ပျိုးမှု ပပျေက်ရေးအတွက် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်းတွေကို ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း၊ လွိုင်လင်၊ ဆီဆိုင်၊ တာချီလိတ်၊ မိုင်းဆတ်၊ ကောင်းခါး၊ တာမိုးညဲ စတဲ့ဒေသတွေမှာ ဆောင်ရွက်နေပြီး အခြားဒေသတွေမှာပါ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ချင်း၊ ရှမ်း၊ ၀ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
DVB