နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှူမီဒီယာ PSM ပြောင်းလဲနိုင်ဖို့အတွက် ကြိုး ပမ်းရာမှာ အများပြည်သူ ဝန်ဆောင်မူမီဒီယာ ဥပဒေကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းတွေ က သေချာမလေ့လာခဲ့တာကြောင့် PSM ဥပဒေ အကောင်အထည်ဖော်ဖို့ အခက်အခဲ ဖြစ် ခဲ့ရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ဒီကနေ့ ရခိုင် ပြည် နယ် မြောက်ဦးမြို့မှာ ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ ပြောဆို လိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က လုပ်ငန်းတွေကို အများပြည်သူ ဝန်ဆောင်မှူ မီဒီယာ အဖြစ် အသွင်ပြောင်းပြီး အစိုးရရဲ့ ဝါဒဖြန့်ချီရေးယန္တရားအဖြစ် ဆက်ပြီးရှိနေနိုင်တာကြောင့် အများပြည်သူဝန်ဆောင်မူ PSM ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ က ဝေဖန်ကန့်ကွက်ခဲ့တာမို့ ၂၀၁၄ သြဂုတ်လမှာ PSM ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေး နွေးဖို့ ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။
“တိုင်းရင်းမီဒီယာများမှ တဆင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆီသို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်တွင်း၊ ပြည်ပနဲ့ တိုင်းရင်း သတင်းမီဒီယာအဖွဲ့အစည်းတွေ တက် ရောက် ဆွေးနွေးကြတဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ဒီကနေ့ ရခိုင် ပြည်နယ် မြောက်ဦးမြို့မှာ စတင် ကျင်းပနေပါပြီ။
ဒီညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို မထိခိုက်ဘဲ ပြည်သူအတွက် အကျိုးရှိမယ့် သတင်းတွေ ရေးသားဖော်ပြနိုင်ဖို့အတွက် စီးပွားဖြစ်မဟုတ်တဲ့ Community မီဒီယာတွေ ပေါ်ထွန်းလာဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
“နိုင်ငံအတွင်းမှာ အများပြည်သူ ၀န်ဆောင်မှုမီဒီယာမျိုးနဲ့ စီးပွားဖြစ်မဟုတ်တဲ့ Community မီဒီယာတွေ ပေါ်ထွန်းလာဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ်ကို ပြောင်းလဲဖို့ ကြိုးစားနေသလို ၊ တိုင်းရင်းသား မီဒီယာတွေအပါအ၀င် Community မီဒီယာတွေ ထွန်းကားလာဖို့အတွက်ကိုတော့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေမှာ စီးပွားဖြစ်မဟုတ်သော မီဒီယာတွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် အမျိုးအစားတခုကို ထည့်သွင်း ရေးဆွဲနေတာဖြစ်ပါတယ်။ သို့သော်လည်း အများပြည်သူ ၀န်ဆောင်မှုမီဒီယာနဲ့ ပတ်သက်ပြီးတော့ သေချာနားလည်စွာ မသိရှိတာတွေကြောင့် နိုင်ငံပိုင်မီဒီယာများကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ်ကို ပြောင်းလဲရေးက ခက်ခဲသည်းလဲ အခြေအနေမှာပဲ ရှိပါသေးတယ်။”
တိုင်းရင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေနဲ့ နှောင်ကြိုးမဲ့တဲ့ အကူညီပေးသွားဖို့ လည်းရှိတယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
“ကျနော်တို့ ပြန်ကြားရေး မီဒီယာ ၂ ခုရှိတာပေါ့လေ။ Broadcast မီဒီယာရယ်၊ print မီဒီယာရယ် ၂ ခုရှိတော့ Broadcast မီဒီယာ အနေနဲ့ကတော့ ကျနော် ခုနကတင်ပြခဲ့သလို contents provider တွေကို ဦးစားပေးမယ်။ ပြည်တွင်း contents provider တွေကို ဦးစားပေးမယ်ဆိုတဲ့အခါကျတော့ NRC channel လည်း ကျနော်တို့မှာရှိနေတော့ တကယ် NRC နဲ့ ပတ်သက်တဲ့ဟာတွေ ဘယ်သူလုပ်နိုင်မလဲ လုပ်နိုင်တဲ့ contents provider ရှိရင် သူတို့ရဲ့ ဟာတွေကို ယူပေးမယ် ကျနော်တို့ရဲ့ challel တွေပေါ်မှာတင်ပေးမယ်။ တင်ပေးခြင်းအားဖြင့် သူတို့လည်း တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာမယ်ပေါ့လေ။ ဒါမျိုးကျနော်ရည်ရွယ်ပြီးတော့ အခုကျနော်တို့ဒီက စပြီးတော့ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိပါတယ်။ သတင်းစာအနေနဲ့ကျတော့ ဒီ print မီဒီယာ တွေဆိုတာ သူတို့ဆီမှာ နည်းတယ်။ သူတို့ဆီမှာ ဘာမှမလုပ်နိုင်ဘူး စောင်ရေလေးနည်းနည်းနဲ့ ထုတ်နေတာဆိုတော့။ နောက် သူတို့ distribution မှာလည်း အရမ်းခက်တယ် ပျံ့နှံ့ဖို့က ဆိုတော့ ကျနော်တို့ သတင်းစာတွေနဲ့အတူတူ ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတော့ ကျနော်တို့က ဖြန့်ဝေတာကအစ ကျနော်တို့က ဖြန့်ဝေပေးမလား၊ အဲဒီအပေါ်မှာ ကျနော်တို့က ဘယ်လိုပုံ နှိပ်ချင်သလဲ ၊ လေးမျက်နှာ နှိပ်ချင်သလား၊ ၈ မျက်နှာ နှိပ်ချင်သလား ဆိုတာကို ကျနော်တို့က အထောက်အပံ့ပေးမယ်ပေါ့ ၊ပိုက်ဆံ ပေးရင်ပေးလိုက်မယ်။ အဲဒီအထောက်အပံ့သည်လည်း လုံးဝ သူ့ independent ကို မထိခိုက်ဘူး။ သူ့ကို လုံးဝ interfere မဖြစ်စေရဘူးဆိုတဲ့ သဘောမျိုးနဲ့တော့ cretia တွေဆွဲထားတယ်။ ၄ ချက်ပေါ့။”
ဖေဖော်ဝါရီ ၁၄ရက်နေ့ကနေ ၃ရက်ကြာပြုလုပ်မယ့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံမှာ ပြည်နယ်တွေမှာရှိတဲ့ သတင်းမီဒီယာ အခင်းအကျင်း၊ တိုင်းရင်းသား အမျိုးသမီး သတင်းထောက်တွေရဲ့ အခန်းကဏ္ဍတွေ၊ အစိုးရသစ်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် စ တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
တိုင်းရင်းမီဒီယာညီလာခံတွေကို နှစ်စဉ် ကျင်းပလာတာနဲ့ အမျှ တိုင်းရင်းသား မီဒီယာတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် မယ်လို့ မျှော်လင့်ကြောင်း သျှမ်းသံ တော်ဆင့် သတင်းဌာနက အယ်ဒီတာ စိုင်းမိဏ်းက ပြောပါ တယ်။
“အဓိကကတော့ ကျနော်တို့ဒီမှာ တွေ့ဆုံမှုတွေရတယ်။ မတူကွဲပြားတဲ့ ဒေသအသီးသီး ကနေလာကြတယ်။ မတူညီတဲ့အခက်အခဲတွေရှိကြတယ်။ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ခင်မင်ရင်းနှီးမှုတွေရကြတယ်ဆိုတော့ ကျနော်တို့တွေ ဒီတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးနိုင်မယ်လို့တော့ ယုံကြည်မိပါတယ်ခင်ဗျ။”
နှစ်တိုင်းလိုလို မီဒီယာညီလာခံ ဆောင်ပုဒ်တွေကို နိုင်ငံရေး ရေးစီးကြောင်းနဲ့ လိုက် လျော ညီထွေ သတ်မှတ်တာဖြစ်ပြီး ဒီတခေါက်ညီလာခံကနေ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “တိုင်းရင်းမီဒီယာများမှတဆင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆီသို့” ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ထားတာဖြစ်တယ်လို့ BNI ရဲ့ ထုတ်လုပ်မှူ ဒါရိုက်တာ နိုင်ကဆော့မွန်က အခုလို ပြောပါတယ်။
“နှစ်တိုင်းနှစ်တိုင်းမှာ ဒီမီဒီယာ conference ဆောင်ပုဒ်တွေ ကျနော်တို့ချပါတယ်။ အဲဒါကလည်း နိုင်ငံရေးရဲ့ ရေစီးကြောင်းနဲ့လျှော်ညီအောင်ကျနော်တို့ ချတာဖြစ်ပါတယ်။ ဒါကြောင့် ဒီBNI ကလည်းလွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို monitor တွေလုပ်လာတယ်။ အဲဒီ monitor တွေ လုပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ အခုဆိုရင်လည်း ကျနော်တို့ဒီ ငြိမ်းချမ်းရေးကို ဦးတည်သွားမယ့် ကိစ္စမျိုးကို ဆက်လုပ်ဖို့ ဆောင်ပုဒ်တွေ ချထားပါတယ်။”
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေစတင် ကျင်းပတဲ့ စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည် နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်တွင်း ပြည်ပ အခြေစိုက် မီဒီယာ အဖွဲ့အစည်းတွေ၊ မီဒီယာဖွံ့ ဖြိုးရေး အကူညီပေးနေတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ် ၂၀၀ကျော်လောက် တက်ရောက် ကြပြီး ဒီညီလာခံ ကျင်းပ ဖို့ အတွက် USAID, Open Society Foundation, ဂျာမနီအခြေစိုက် DW စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ကူညီပံ့ပိုးတာလည်းဖြစ်ပါတယ်။
မြင့်မြင့်ခိုင် VOA