တအာင်းတပ်ဖွဲ့ (PSLF/TNLA)နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ (RCSS/SSA) ကြား ကျောက်မဲခရိုင်နဲ့ မူဆယ်ခရိုင်တွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ဖို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (SSJAC) က ကြားဝင် ညှိနှိုင်းပေးဖို့ အစီအစဉ်ရှိနေပါတယ်။
ရှမ်းပြည်တပ်မတော်၊ ရှမ်းနိုင်ငံရေးပါတီနဲ့ ရှမ်းဌာနေပြည်သူ့စစ်တို့ ပါဝင်တဲ့ ရှမ်းပြည်ညီ ညွတ်ရေးကော်မတီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ (RCSS/SSA)နဲ့ လာရောက်တွေ့ဆုံဆွေးနွေးပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ အဖွဲ့အစည်းရဲ့ မူဝါဒအရ ပြဿ နာကို တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှဘဲ ပြေလည်မယ်လို့ ခံယူထားပါတယ်။ ဒီအကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယူအန်အက်ဖ်စီ နဲ့ တွေ့တုန်းကလည်းပြောခဲ့တယ်။ မနေ့က SSJAC နဲ့ တွေ့ဆုံ တဲ့အခါလည်း ပြောခဲ့တယ်။ ဒါပေမယ့် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့ ၂ ဖွဲ့ကြား ချက်ချင်း၊ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ မဖြစ်နိုင်တာကြောင့် ရှမ်းပြည်ညီညွတ်ရေးကော်မတီက ကြားထဲကနေ ဆောင်ရွက်ပေးသွား မှာပါ။ အရင်ဆုံး လက်ရှိ မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်နဲ့ ကျေက်မဲခရိုင်ထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအရှိန်တွေ လျော့ကျသွားအောင်လုပ်မယ်။ နောက်တဆင့်မှ ကျနော်တို့နဲ့ တီအန်အယ်လ်အေ တွေ့ဆုံဆွေးနွေးဖို့ ပေါ့လေ။ ဘယ်တော့ဖြစ်မလဲဆိုတာ တဘက် အဖွဲ့အစည်းပေါ်လည်း မူတည်ပါတယ်။ ကျန်ာတို့ကတော့ အမြဲတမ်းအသင့်ဘဲ။”
မနေ့က ဆွေးနွေးပွဲမှာ ထိုင်းနယ်စပ်ဘက် အရင်ကတည်းက ရောက်နေတဲ့ စစ်ပြေးဒုက္ခ သည်တွေအကြောင်းရော၊ တရုတ်နယ်စပ် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာက စစ်ရှောင်သူတွေနဲ့ ကျောက်မဲမြို့နယ်ထဲက စစ်ရှောင်သူတွေအကြောင်းပါ ဆွေးနွေးပြီး ပထမအဆင့်အနေနဲ့ သူတို့ အခြေခံစားဝတ်နေရေးကူညီဖို့ ကိစ္စ၊ မူရင်းရွာမှာ ငြိမ်းချမ်းစွာ ပြန်လည် အခြေချရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာရင် အာရ်စီအက်စ်အက်စ်တဖွဲ့တည်း အနေနဲ့ ဆွေးနွေးမှာမဟုတ်ဘဲ SSJAC နဲ့ပါ ပူးပေါင်းဆွေးနွေးဖို့ပါ သဘောတူခဲ့ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (SSJAC)ဘက်က ရှမ်းပြည်တ ပ်မတော်မြောက်ပိုင်းအဖွဲ့ နာယက ဗိုလ်ချုပ်ဆေးထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ ဆိုင်ကျော့ဌာနေပြည်သူ့စစ် ခေါင်းဆောင် စ၀်ကိုင်ဖ တို့ ဦးဆောင်ဆွေးနွေးပြီး RCSS/SSA ဘက်ကတော့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စိုင်းယီနဲ့ ဗဟိုကော်မတီဝင်တွေ၊ အတိုင်ပင်ခံ ဦးခွန်စိုင်းနဲ့ စ၀်ပင်ခမ်းတို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
DVB