တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်း၊ ဂန်ဝန်းခရိုင်ရှိ လူနေရပ်ကွက်တခုအနီးမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်တပ်ပိုင် ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ အမှုထမ်း ၃ ဦး သေဆုံးကာ ၁ ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်ပိုင် ယူအိပ်ခ်ျ – ၁ အိပ်ခ်ျ အမျိုးအစား ရဟတ်ယာဉ်ဟာ မနက် ၁၀ နာရီမှာ ဌာနချုပ်တည်ရာ အရပ်ကနေ ထွက်ခွာစဉ် ခုလိုပျက်ကျခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ယွန်းဟပ်ပ်သတင်းမှာ ဖော်ပြပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးချိန်မှာ လေယာဉ်ပေါ်ပါ အမှုထမ်းတွေကို အနီးရှိ ဆေးရုံတရုံကို ခေါ်ဆောင်သွားခဲ့ကြတာပါ။
ဆေးရုံရောက်ပြီး မကြာခင်မှာ အသက် ၅၀ အရွယ် လေယာဉ်မောင်း ၁ ဦးကလွဲပြီး ကျန် ၃ ဦးလုံး သေဆုံးသွားခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလေယာဉ်မှူးဟာ သတိလစ်နေခဲ့ပြီး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုနဲ့ အရပ်သားတွေကို ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ဘက်နဲ့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ီDVB