ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားလွှတ်တော် တရားသူကြီးချုပ်များသည် နေပြည်တော်၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ၊တရာစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုမှ တရားလွှတ်တော်တရားသူကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ယိမ်းယိုင်နေသော တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်အောင် ၀ိုင်းဝန်းဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ဥပဒေများသည် ပြည်သူကို အကာအကွယ်ပေးရန်လိုအပ်ကြောင်း၊တရားသူကြီးများအနေဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ရန် ဥပဒေဘက်မှ ခိုင်ခိုင်မာ မာရပ်တည်ရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏ မျက်နှာကိုသာကြည့်ရန်လိုအပ်ကြောင်း၊ ယင်းအချက်များမှာတရားသူကြီးများ၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးတူးဂျာ၊ ကယာပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ကရင်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးစောစံလင်း၊ ချင်းပြည်နယ် တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ မွန်ပြည်နယ် တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ရခိုင်ပြည်နယ် တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးကျောက်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်ဦးမြင့်ဝင်း၊ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ မကွေးတိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်ဦးစိန်ထွန်း၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ဧရာာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်ဦးသန်းထွန်းတို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၃ နာရီမှ ည ၈ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။