အောင်ဇင်လတ် ရေးသည်။ |
ဓာတ်ပုံ-ခွန်ဒီးယမ် |
စင်မြင်၏အရှေ့ အနီးဆုံးတွင် နေရာယူထားကြသော အဖြူအစိမ်းဝတ် ကျောင်းသားလေးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ အနည်းငယ် ရဲရင့်ဟန်ရှိသော ယောင်္ကျားလေးတစ်ယောက်က ထရပ်လိုက်ရင်းမှ ဒီမိုကရေစီ ဆိုတာ ဖွံ့ဖြိုးတိုးတတ်မှု ဟု စာစစ်နေသော ဆရာမကို စာဖြေဟန်နှင့် လက်ပိုက်ကာ ဖြေ၏။
ဓာတ်ပုံ-ခွန်ဒီးယမ် |
ထို့နောက် ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒကို နားထောင်လေးစားလိုက်နာကျင့်သုံးခြင်း ဟူသော လူမှုဆက်ဆံရေးစနစ် ဖြစ်ကြောင်း မကျဉ်းမကျယ် ရှင်းပြလေသည်။
တိုတိုနှင့် အများစုနားလည်လွယ်မည့် စကားကို သုံးကာ သူမရှင်းပြငြား စင်မြင့်အောက်မှ လူပင်လယ်ကြီးက နားလည်ပုံမရပါ။
သူတို့သူမကိုချစ်ကြသည် မြတ်နိုးကြသည် ကြည်ညိုကြသည်၊ ထိုမြတ်နိုးခြင်း ကြည်ညိုခြင်း လေးစားခြင်း ချစ်ခြင်းတို့သည် နိုင်ငံရေးအယူအဆများ သဘောတရားများကို အခြေခံသည့် မြို့ကြီးသား ပညာတတ်များ၏အသိနှင့် ကွာခြားကောင်းကွာခြားမည်၊ သို့သော် သူမအပေါ် ချစ်မြတ်နိုးသော သူတို့၏ ချစ်ခြင်းများတွင်ကား ချွင်းချက်ဟူ၍လုံးဝမရှိ။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုသည် ဒီမိုကရေစီစနစ်၏ ကြီးမားသော အန္တရာယ်ဖြစ်သည်ဟု ပညာရှင်ကြီးများကဆို၏။ သို့သော် စင်အောက်မှ လူပင်လယ်ကြီးက ဒီမိုကရေစီ၏အန္တရာယ်ဆိုသည်ထက် သူတို့ချစ်သည့် အမေစု အန္တရာယ်ဖြစ်မှာကိုသာ စိုးကြပါသည်။ သူတို့အတွက် သူမသည် ဖန်ဆင်းရှင် တန်ခိုးရှင် ဘုရားသခင်ဖြစ်သည်။ မိမိအလုပ်မိမိလုပ်ပါမှ ထမင်းဝမည်ကို ကောင်းစွာသိရှိသည့်တိုင် သူမသည်သာ တရားမျှတမှုကင်းမဲ့နေသော မိမိတို့နှင့် တနိုင်ငံလုံးကို ကယ်တင်နိုင်မည့် တစ်ယောက်ထဲသော သူဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့အတွက် ဒီမိုကရေစီစနစ်သည်ကား အရေးမကြီး သူမသည်သာ အရေးကြီးသည်။
အမျိုးသမီးကြီးက သူမကိုဝေဖန်ပါ၊ သူမပြောတိုင်းမလုပ်ပါနှင့်၊ မိမိတို့၏အတွေ့အကြုံ အသိဥာဏ်နှင့် ပိုင်းခြားဆုံးဖြတ်ပါဟု တဖွဖွပြောနေခဲ့သော်လည်း သူတို့၏ နားအတွင်းသို့ မ၀င်ခဲ့ပါ။ သူတို့အတွက် ထိုကိစ္စရပ်များသည် အရေးမကြီး သူတို့အတွက် သူမသည်သာ အရေးကြီးပါသည်။
မြို့ကြီးနေ ပညာတတ်များက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သူတို့ကိုကြည့်ကာ နှာခေါင်းရှုံ့ကောင်း ရှုံ့နေကြမည် ဒီလူတွေအသိဥာဏ်နည်းလွန်သည်ဟု အမနာပ ပြောကောင်း ပြောကြမည် ။
သို့သော် သူတို့က ဂရုစိုက်မည်မဟုတ်ပါ၊ သူတို့အတွေ့အကြုံအရ သူ့တို့၏မိဘများအတွေ့အကြုံအရ သူတို့၏ အဖိုးအဖွားများအတွေ့အကြုံအရ သူတို့နေထိုင်ရာ မြန်မာနိုင်ငံတော်ကြီးအတွက် သဘောတရားများ အယူအဆများသည် လူပုဂ္ဂိုလ်လောက် အရေးမကြီးဟု သူတို့ကောင်းကောင်းသိနေသည်ပဲ။
Aung Zin Latt (Facebook)