၁၉၉၁ ခုနှစ်က စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာရှိ လယ်မြေများကို ဓနုတ်ဘုရားစည်ပင်သာယာရေးစီမံကိန်းအတွက် သိမ်းဆည်းထားသော လယ်မြေများနှင့် ပတ်သက်၍ လယ်သမားများ၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇွန်လ ၄ ရက်နေ့က သွားရောက် စစ်ဆေးရာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ခြင်းမရှိဘဲ သိမ်းဆည်းထားသည့်လယ်မြေများကို ပြန်ပေးရန် အာဏာပိုင်များ၏ ကတိပြုချက်ရရှိခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။
““ဗိုလ်ချုပ်ခင်ညွန့်၊ အတွင်းရေးမှူး (၁) လက်ထက်က စီမံကိန်းချလိုက်တော့ အကောင်အထည် ဖော်ရတာက အိုးအိမ်ဦးစီးဌာနက အကောင်အထည်ဖော်တာ။ အဲဒီက မြေ ၂၁၉ ဧကကို ဘာလျော်ကြေးမှ မပေးဘဲ သိမ်းလိုက်တယ်။ အဲဒီမြေတွေဟာ ဘာစီမံကိန်းမှ အကောင်အထည်မပေါ်ဘူး။ မြေလွတ်မြေရိုင်းတွေ အများကြီးဖြစ်ပြီး လုပ်စားနေတဲ့သူတွေက ရှိတယ်။ ဌာနဆိုင်ရာတွေမှာပေါ့။ ဘုရားကြီးကနေ သီးစားတွေ ချပြီးတော့ ဘုရားကြီးရန်ပုံငွေဆိုပြီး လုပ်တယ်။ အခြားရဲတွေကလည်း မြေတွေ ၀င်ယူထားတယ်။ အဲဒီလိုလုပ်တဲ့အခါ တောင်သူလယ်သမား ၁၃ ယောက်က မြေမဲ့ယာမဲ့နဲ့ ဘ၀တွေပျက်သွားတယ်။ အိမ်ကလေးတစ်နေရာပဲရတယ်။ ပြီးတော့ ဒီစီမံကိန်းကြီးကမအောင်မြင်ဘူး။ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးမှူး တွေကနေပြီး လုပ်စားချင်သလိုလုပ်စား၊ ရောင်းစားချင်သလို ရောင်းစားလုပ်လာတာ။ ဒီတော့ တောင်သူလယ်သမားတွေက တိုင်တာ။ ဒီတော့ တို့ကွင်းဆင်းစစ်ဆေးတဲ့အခါ စီမံကိန်းအကောင် အထည်မဖော်ဘဲနဲ့ အသုံးမပြုတဲ့ မြေတွေအများကြီးကျန်တယ်။ အဲဒါနဲ့ မြို့နယ်မယကရမ်းမြေ စာရင်းရယ် အာဏာပိုင်တွေကို ပြောပြီး လွတ်နေတဲ့မြေတွေကို ပြန်ပေးဖို့ ဆောင်ရွက်ပေးသင့်တယ်ဆိုတာ အကြံဉာဏ်ပေးခဲ့တယ်။ သူတို့လည်း ကော်မရှင်က အကြံပြုတဲ့အတိုင်း ဆောင်ရွက်ပေး ပါ့မယ်ပြောတယ်””ဟု ဦးကျော်မြင့်က ပြောသည်။
ဓနုတ်ဘုရားအနီး မြို့ကွက်သစ်ဖော်မည်ဆိုကာ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး မြေသိမ်းဆည်းခံရသော လယ်သမား ၁၃ ဦးကလည်း မြေများ ပြန်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားကြသည်။
သိမ်းဆည်းမြေများနှင့် ပတ်သက်၍ ဓနုတ်ကျေးရွာ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မြေသိမ်းဆည်းခံရသူ ဦးအောင်သန်းက ““အဘတို့ လယ်မြေတွေသိမ်းတာ ၂၁ နှစ်ကျော်ပြီ။ လယ်လည်းမစိုက်ရဘူး။ မြေကွက်တွေလည်း ရှိပါရဲ့နဲ့ မစိုက်ရတာ နစ်နာတာပေါ့။ အဘတို့ရဲ့ လယ်တွေကို စီမံကိန်းရှိရင်သိမ်းပါ။ စီမံကိန်းအတိုင်း အကောင်အထည် မဖော်နိုင်ရင် ပိုနေတဲ့ လယ်မြေတွေကို အဘတို့ ပြန်စိုက်ပါရစေလို့ ပြောချင်တယ်”” ဟု မြန်မာသံတော်ဆင့် သို့ ပြောကြားထားသည်။
ယခုလယ်ယာမြေသိမ်းဆည်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးအောင်သိန်းလင်း၊ ဦးကျော်မြင့်၊ ဦးအောင်တင်တို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သွားရောက်စစ်ဆေးစဉ်က အဖွဲ့ခေါင်းဆောင် ဦးအောင်သိန်းလင်းက ယင်းလယ်မြေသိမ်းဆည်းမှုများမှာ တရားဥပဒေနဲ့ညီကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ဦးကျော်မြင့်က ““ပြောတာက အိုးအိမ်က သိမ်းဆည်းတာဖြစ်တဲ့အတွက် အစိုးရ သိမ်းတာမို့ ဥပဒေနဲ့ညီတယ်။ ဒါပေမဲ့ စီမံကိန်းအကောင်အထည်မဖော်ရင် ပြန်ပေးသင့်တယ်လို့ ပြောတာပါ””ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းလယ်မြေသိမ်းခြင်း အပါအ၀င် တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများလည်း အများအပြားရှိသေးပြီး လျော်ကြေးပေးခြင်းနှင့် ပိုသောမြေများကို ပြန်ပေးမည်ဟု တပ်ဘက်မှ ကော်မရှင်သို့ ကတိပြုမှုရှိထားသော်လည်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိကို ကော်မရှင်သို့ ပြန်လည်အကြောင်းကြားခြင်းမရှိသေးကြောင်း ဦးကျော်မြင့်က ပြောသည်။
Myanmartandawsint Newspaper(မြန်မာသံတော်ဆင့်)