၂၀၁၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့။ ထားဝယ်လူထုအသံ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆိပ်ကမ်းသာ မင်္ဂလာခမ်းမတွင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး မျက်နှာစုံညီတွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းတွင် ထားဝယ်လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကမကထ ဦးဆောင်၍ ကျင်းပပြုလုပ်သွားခဲ့ပါသည်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာဘက်မှ တောင်ကျောင်းဆရာတော်ဦးဥာဏသာမိမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အစ္စလာမ်နှင့် ဗုဒ္ဓဘာသာအကြား အဓိကရုဏ်းများနှင့် ပတ်သက်၍ လူနည်းစုဖြစ်သော ဘာသာများမှ ထိုအဓိကရုဏ်းများကို ဘာသာရေးခေါင်းဆောင်များက ၀ိုင်းဝန်းထိန်းသိမ်းသွားရန်နှင့် အင်တာနက်စာမျက်နှာများတွင် ဘာသာရေး အဓိကရုဏ်းဖြစ်စေသော ပို့စ်များ၊ သတင်းများကို သတိထား၍ ဖတ်စေ၊ မျှဝေစေလိုကြောင်း မိန့်ကြားခဲ့သည်။
ထိုနည်းတူစွာပင် ဦးသိန်းစိန်(ဗုဒ္ဓ) မှလည်း ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများမဖြစ်အောင် လူမျိုးတိုင်း၊ ဘာသာတိုင်းက ၀ိုင်းဝန်းကာကွယ်သွားရန်၊ အစ္စလာမ်ဘာသာအဖွဲ့မှ ဦးစိုးနိုင်၊ ခရစ်ယာန်ဘာသာအဖွဲ့မှ ဦးကနက်ထူး၊ ဟိန္ဒူ ဘာာသာအဖွဲ့မှ ဦးလူးလူးတို့မှ တနင်္သာရီတိုင်းအတွင်း လူမျိုးဘာသာအားလုံး အဓိကရုဏ်းများ မဖြစ်အောင် ချစ်ခင်ညီညွတ်စွာဖြင့် ယခင်ကကဲ့သို့ နေထိုင်သွားကြဖို့ ပြောကြားသွားခဲ့သည်။
တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ရည်ရွက်ချက်နှင့်ပတ်သက်၍ ဦးဆောင်ပြုလုပ်သူ ဦးသန်းဝင်းက “မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေးကဲ့သို့သော အဓိကရုဏ်းများ၊ မဋိပက္ခမဖြစ်ပွားရလေအောင် ထားဝယ်ဒေသအတွင်း နေထိုင်ကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအကြား စည်းလုံးညီညွှတ်ပြီး ၀ိုင်းဝန်းကာကွယ်သွားရမယ်” ဟု တိုက်တွန်းပြောကြားခဲ့သည်။
အကယ်၍ တနင်္သာတိုင်းဒေသအတွင်း အဓိကရုဏ်းများဖြစ်လာမည့်အခြေအနေများရှိလျှင် ဘာသာရေးခေါင်းဆောင်များ အချင်းချင်းလွယ်ကူစွာ ဆက်သွယ်ဆွေးနွေးနိုင်ရန်အတွက် တစ်ဘာသာလျှင် လေးဦးစီဖြင့် စုပေါင်းပြီး (၁၆) ဦး ပါဝင်သည့် ကော်မတီတရပ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
အခမ်းအနားသို့ ထားဝယ်မြို့ရှိ ဘာသာပေါင်းစုံဖြစ်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာနှင့် အစ္စလာမ်ဘာသာဝင် အသီးသီးတို့မှ လူဦးရေ (၁၂၀) ဦး တက်ရောက်ခဲ့သည်။
ထားဝယ်လူထုအသံ