Headlines News :
Home » , » စံချိန်တင်လာတဲ့စပါးဈေး ကြွေးနွံထဲက တောင်သူတွေအဖို့ ရောင်နီတစ်စ ဖြစ်လေမလား

စံချိန်တင်လာတဲ့စပါးဈေး ကြွေးနွံထဲက တောင်သူတွေအဖို့ ရောင်နီတစ်စ ဖြစ်လေမလား

Written By လွင့်မောင်မောင် on Tuesday, December 24, 2013 | 4:54 PM

 
လက်ရှိမိုးစပါးပေါ်ချိန်တွင် ဧရာဝတီ၊ ပဲခူးစသော စပါးအဓိကထွက်ရှိရာ ဒေသတို့တွင် ဧည့်မထတင်း ၁၀၀ ကျပ် လေးသိန်းအထက်အထိ ဈေးပေါက်နေပါသည်။ ထိုကဲ့သို့ စပါးပေါ်စအချိန် လယ်သမား လက်ဝယ်စပါးရှိသည့်ကာလတွင် ဧည့်မထတစ်တင်းတစ်ရာကျပ်လေးသိန်းဝန်းကျင်ဆိုသည့် ဈေးနှုန်းသည် နာဂစ်နောက်ပိုင်းကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပါသည်။

ပြီးခဲ့သည့်မိုးစပါး နှစ်ရာသီစလုံးတွင် ရေနှစ်ခါ၊ သုံးခါပြန်ရေကြီးရေမြုပ်ဖြစ်၊ တောင်သူလက်ထဲ စပါးရှိနေ သည့်ကာလတွင် ဈေးထိုးကျစသည့်ဖြစ်ရပ်တို့ကြောင့် ကြွေးလည်ပင်းနစ်နေသော မြန်မာလယ်သမားများအဖို့ သည်လိုဈေးကောင်းမျိုးရှိလာခြင်းသည် တင်နေသောကြွေးများကျေလေမည်လားဟု ရောင်နီ ဦးသဖွယ်မျှော်လင့်စရာလည်းဖြစ်နေပါသည်။

သည်လိုမျိုး ဆယ်စုနှစ်ဝက်တစ်ခုအတွင်း စပါးဈေးအမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခြင်းသည် ၂၀၁၂ ခုနှစ်တွင် စတင်ပွင့်လန်းလာသော တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တင်ပို့သည့်ဈေးကွက်အနေ ဖြင့် ၀ယ်လိုအား ဆက်လက်ကောင်းနေခြင်း၊ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ၏ မြန်မာကျပ်ငွေနှင့် လဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ကျပ် ၉၈၀ တစ်ဝိုက်အထိ မြင့်တက်နေခြင်းနှင့် အရန်ဆန် တန်ချိန် တစ်သန်းဝယ်မည်ဟု သတင်းထုတ်ပြန်ထားခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆန်စပါးလုပ်ငန်းအသိုင်းအ၀ိုင်း မှ ပုဂ်္ဂိုလ်များကပြောသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “လယ်သမားတွေ တိုက်ရိုက်အကျိုးခံစားခွင့်ရအောင်လို့ ဆန်စပါးအသင်းချုပ်အနေနဲ့ အစည်းအဝေးလုပ်ပြီးတော့ ဒီ လောက်ဈေး (ဧည့်မထတင်း ၁၀၀ ကျပ် လေးသိန်းဝန်းကျင်) နဲ့ အရန်ဆန်ဝယ်ဖို့လုပ်ခဲ့တာပါ” ဟုဆို သည်။

မြန်မာ့လယ်သမားအများစုသည် စပါးရာသီအစများတွင် ထွန်ယက်စိုက်ပျိုးမှုများလုပ်ကိုင်ရန်အတွက် စိုက်ပျိုးရေးဘဏ်နှင့် ပြင်ပချေးငွေရယူကြရကာ စပါးပေါ်ချိန်တွင်ကြွေးမြီပေးသွင်းရန် လိုအပ်ခြင်းကြောင့် ရသည့်ဈေးနှုန်းဖြင့် ရောင်းချကြရပြီး အနည်းစုသည်သာ စပါးဈေးကောင်းချိန်အထိ သိုလှောင်ထားနိုင် ခြင်းဖြစ်ပြီး လယ်သမားလက်ထဲ စပါးမကျန်တော့သည့် ကာလတွင်သာ ဈေးထိုးတက်လေ့ရှိမြဲဖြစ်ရာ ကုန်သည်များသာလျှင် အကျိုးဖြစ်ထွန်းနေကြောင်း လယ်သမားများကဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆောင်တန်းကျေးရွာမှ တောင်သူဦးငွေရက “ ခါတိုင်းနှစ်တွေဆိုရင် စပါးစပေါ်ချိန်မှာ ဈေးသိပ်မရဘူးဗျ။ ဒါပေမဲ့ ယူထားတဲ့ အကြွေးတွေဆပ်ဖို့ အတွက် ရတဲ့ဈေးနဲ့ ရောင်းလိုက်ရတယ်။ တကယ်ဈေးကောင်းတော့ ကျွန်တော့်လက်ထဲမှာ စပါးကမရှိ တော့ဘူး။ ဒီနှစ်တော့ ခုချိန်ကတည်းက စပါးဈေးက လေးသိန်းဝန်းကျင်နဲ့ လေးသိန်းကျော်တွေဖြစ်နေ တော့ နည်းနည်းအဆင်ပြေမှာပါ”ဟုပြောသည်။

လက်ရှိအချိန်တွင် စပါးအဓိကထွက်ရှိရာ ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတို့ရှိ ဒေသအချို့တွင် စပါးစတင် ပေါ်နေကြပြီဖြစ်ကာ ပေါ်ဆန်းမွှေးအဓိကထွက်ရှိသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌ ပေါ်ဆန်းမွှေး စပါးသစ်တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းဝန်းကျင်နှင့် စပါးဟောင်းတင်းတစ်ရာလျှင် ကိုးသိန်းဈေး များပေါက်နေပြီး ဧည့်မထအုပ်စုဝင် ဧရာမင်း စပါးတင်းတစ်ရာလျှင် ကျပ်လေးသိန်းခွဲဈေးပေါက်နေ ကြောင်း ဒေသခံများကဆိုသည်။

ရွှေဘိုမြို့နယ် ဆောင်တန်းကျေးရွာမှ ကိုငွေရက “အရင်နှစ်တုန်းကဆိုရင် စပါးစပေါ်တဲ့အချိန်မှာ ပေါ်ဆန်းက ငါးသိန်းလောက်နဲ့ ဧရာမင်းက သုံးသိန်းရှစ်သောင်းလောက်ပဲပေါက်ခဲ့တာ။ ဒီနှစ်က ရွှေဘိုတစ်နယ်လုံးက လယ်တွေပိုးကျလို့ အထွက်လျော့တယ်။ စပါးဈေးကောင်းလို့သာခံသာတာ” ဟု ပြောသည်။

အထက်ပါကဲ့သို့ စပါးပေါ်စအချိန်တွင် ဈေးများမြင့်တက်လာခြင်းကြောင့် ယခုနှစ်တွင် တောင်သူများ အကျိုးများမည်ဟု ယျေဘုယျခန့်မှန်းနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ ယခင်နှစ်များထက် လယ် ယာလုပ်သားလုပ်ခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် အထူးတလည် တွက်ခြေကိုက်သည်ဟု မဆိုနိုင်ကြောင်း ဧရာဝတီဒေသခံတောင်သူများက ပြောကြားသည်။

ဓနုဖြူမြို့နယ်၊ ကျုံတနှီးတိုက်နယ်၊ ညောင်ကုန်းကျေးရွာ၊ ဦးစိန်ဝင်းက “စပါးဈေးကောင်းနေပေမယ့် အလုပ်သမားရှားပါးလာတာကြောင့် လုပ်ခစရိတ်မြင့်တက်နေတဲ့အတွက် သိပ်ကိုက်လှတယ်မဟုတ်ဘူး။ မနှစ် မိုးစပါးတုန်းက နေ့စားအလုပ်သမားတစ်ယောက်ကို ၁၀၀၀၊ ၁၅၀၀ ကနေ ဒီနှစ်မိုးစပါးချိန်မှ ၂၀၀၀-၂၅၀၀ ဖြစ်နေပြီ၊ တခြား သွင်းအားစုတွေလည်း နည်းနည်းစီတော့ တက်လာတာပဲ” ဟု ပြောသည်။

အထက်ပါကဲ့သို့ စပါးဈေးနှုန်းများမြင့်တက်နေခြင်းအကြောင်းများအနက် EU က စီးပွားရေးပိတ်ဆို့မှု ဖွင့်လိုက်ခြင်းသည်လည်း အဓိကအကြောင်းအရာများဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုး သူရအေးက ပြောကြားသည်။

ဦးမျိုးသူရအေးက “အခု EU က ဖွင့်လိုက်တော့ မြန်မာက ဆန်တွေကို ၀ယ်ဖို့ကမ်းလှမ်းလာတဲ့ ဥရောပ နိုင်ငံဈေးကွက်အသစ်ကများလာတယ်။ စပါးဈေးတက်တာက ဈေးကွက်ကျယ်ပြန့်လာလာကြောင့်လဲ ပါပါတယ်” ဟု ဆိုသည်။

စပါးဈေးနှုန်းများ ယခုကဲ့သို့ ပေါ်ဦးပေါ်ဖျား၊ လယ်သမားလက်ဝယ်ရှိချိန်တွင် အကြောင်းရင်း တိုက်ဆိုင် မှုတို့ကြောင့် မြင့်တက်နေသော်လည်း ဒေသစုံတွင် စပါးပေါ်သည့်အခါတွင် ပြည်လည်ထိုးကျမည်လော ဆိုသည့် ဈေးကွက်အဆိုးကျော့သံသရာဖြစ်ရပ်အတွက် စိုးရိမ်မိသည်ဟု လယ်သမားအချို့က ဆိုသည်။

သို့ရာတွင် ယခုနှစ်၏ ဈေးကွက်အနေအထားအရ တရုတ်ဈေးကွက် ၀ယ်လိုအားသည် ကျဆင်းဖွယ် မရှိဘဲ ထပ်မံပင်မြင့်တက်နိုင်သေးသဖြင့် ယခုဈေးနှုန်းသည် လအတန်ကြာ ဆက်လက်ငြိမ်နေနိုင် ကြောင်း ဆန်ကုန်သည်ကြီးတစ်ဦးဖြစ်သူ ဦးလူမော်မြင့်မောင်က သုံးသပ်ပြောကြားသည်။

ဦးလူမော်မြင့်မောင်က “တကယ်တမ်း စပါးတွေနေရာစုံမှာပေါ်လာရင်လဲ လက်ရှိဈေးနှုန်းကနေ သိပ်ကျ ဖို့တော့ မရှိဘူးလို့မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်မှာ တရုတ်ရဲ့အဆွဲက တအားမြင့်နေတယ်။ ဒီတော့ အရန်ဆန်ကိုတောင် ဈေးသတ်မှတ်ဖို့မလိုတဲ့အနေအထား ဖြစ်နေတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၄၆ နှစ် အတွင်းစံချိန်တင်အဖြစ် ပြည်ပသို့ ဆန်မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်း အထိတင်ပို့နိုင်ခဲ့ရာတွင် ယင်းပမာဏ၏ထက်ဝက်ကျော်သည် တရုတ်သို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှဆန်များကိုဝယ်ယူနေသော ယူနန်ပြည်နယ်နှင့် စီချွမ်း ပြည်နယ်နှစ်ခုပေါင်းသည် လူဦးရေသန်း ၁၃၀ ကျော်ရှိသော ကြီးမားသည့်ဈေးကွက်ကြီးဖြစ်ရာ မြန်မာ နိုင်ငံအတွက် အထူးကောင်းမွန်သည့်အလားအလာဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများကဆိုသည်။

အထက်ပါကဲ့သို့ ၀ယ်လိုအားအထူးကောင်းမွန်သည်ဆိုသော တရုတ်ဈေးကွက်အား တရုတ်အစိုးရဘက် မှ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ရေရှည်အလားအလာကို ခန့်မှန်းရခက်ခဲနေသေး ကြောင်း ဆန်စပါးလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားသည်။

သို့ဖြစ်ရာ ဆန်စပါးဈေးနှုန်းများ ရေရှည်တွင် ဟန်ချက်ညီစေရေးအတွက် ပုံမှန်တရားဝင်တင်ပို့သည့် ပြည်ပဈေးကွက်ဖွံ့ဖြိုးရေးကို အလေးပေးဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ သင်း ဥက္ကဋ္ဌ ဦးသောင်းဝင်းကပြောကြားသည်။

ဦးသောင်းဝင်းက “အရန်ဆန်စပါးဈေးကို အဲလောက်ပေးဝယ်ယူနိုင်တယ်ဆိုတာကလည်း တရုတ်အ၀ယ် လိုက်နေလို့ပါ။ နှစ်စဉ်ဒီလို ဈေးကောင်းနေဖို့ဆိုတာကတော့ ပြည်ပဈေးနှုန်း (တရားဝင်ဈေးကွက်) အပေါ်မှာပဲမူတည်မှာပါ” ဟုပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်မက်ထရစ်တန်ချိန် ငါးသိန်းကျော်တင်ပို့ထားဖြစ်ပြီး ဈေးကွက် အလားအလာ ကောင်းမွန်နေသော်လည်း ပြည်တွင်းစပါးဈေးမြင့်နေကာ ကမ္ဘာ့ဆန်ဈေးအေးနေခြင်း ကြောင့် ဆန်ပြည်ပတင်ပို့ခြင်းမှ အကျိုးအမြတ်ရရှိရန် မသေချာသည့်အနေအထားဖြစ်နေကြောင်း ဆန် လုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

အထက်ပါအကြောင်းအရာများအပေါ် အခြေပြုစဉ်းစားကြည့်ပါက စပါးပေါ်ဦးပေါ်စအချိန်တွင် မကြံစဖူး ဈေးကောင်းနေသည်ဆိုသော်လည်း ယင်းအချက်သည် အခြားအကြောင်းအရာများထက် တရုတ်၏ ၀ယ်လိုအားအပေါ် တည်မှီဖြစ်ပေါ်နေခြင်းဖြစ်ရာ မရေရာသည့် (တရားဝင်မဟုတ်သေးဘဲ၊ တရုတ် အစိုးရဘက်မှ မကြာခဏ တားဆီးပိတ်ပင်မှုများပြုလုပ်နေသည့်) ဈေးကွက်အပေါ်တွင် အခြေပြုဖြစ်ပေါ် နေသည့် မြန်မာ့ စပါးဈေးသည် ရေရှည်တည်ငြိမ်မည်ဟု ယတိပြတ်မပြောနိုင်သေးဘဲ ဒေါ်လာဈေး၊EU ၏ ၀ယ်လိုအားနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းစသည့် အကြောင်းအရာသုံးရပ်၏ စေစားမှုအပေါ် မူတည်မည်ဖြစ်ကြောင်း ဆိုရပေမည်။

Written by  ထင်လင်းအောင်၊ သီဟကိုကို
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template