
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
SEA Games ပြိုင်ပွဲအတွက် ရသာချို ကုမ္ပဏီက ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက် များတွင် ၅ ရာခိုင်နှုန်းခန့်မှာ ရက်လွန်သည့် ခေါက်ဆွဲခြောက်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း အားကစား ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်က ပြောကြားသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် လုပ်အားပေး လူငယ်များအတွက် လှူဒါန်းပေးခဲ့သည့် ခေါက်ဆွဲထုပ်များမှာ ရက်လွန်ခြင်း မရှိကြောင်း ရသာချိုကုမ္ပဏီက ငြင်းဆိုထားမှုနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာနသို့ မေးမြန်းရာ ၄င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
"သူတို့ လှူတုန်းကတော့ ရက်လွန်ခြင်း မရှိပါဘူး။ ဂိုဒေါင်မှာ လှောင်ထားတဲ့ အချိန်ကလည်း ရှိသေးတော့ တချို့ တလေ ရက်လွန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဂိုဒေါင်မှာက ထောင်နဲ့ချီပြီး လှောင်ထားရတာပါ" ဟု ၄င်းက ရှင်းပြသည်။
ရသာချို ကုမ္ပဏီက (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၊ ဆက်ဆံရေး အရာရှိများနှင့် စေတနာ့ဝန်ထမ်းများ အတွက် အင်အားဖြည့် အစားအသောက်များ ထောက်ပံ့ပေးရေးကို အားကစားဝန်ကြီး ဌာနနှင့် ဖေဖော်ဝါရီလ ၇ ရက်က စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် မတ်လအတွင်း ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်ထုပ် များကို မတ်လ ၁၃ ရက်နှင့် ဧပြီလ ၅ ရက်တို့တွင် အားကစား ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း ရသာချိုကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေး ဒုတိယ အထွေထွေမန်နေဂျာ ဦးရဲမြတ်ထူး က ပြောကြားသည်။
"ကျွန်တော်တို့ ကုမ္ပဏီက ထုတ်တဲ့ စားသောက်ကုန်ကြောင့် LO အချို့ ဒုက္ခ ရောက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီအမှတ်တံဆိပ် ဂုဏ်သိက္ခာကျမယ့် အလုပ်မျိုး မလုပ်ခဲ့ဘူး ဆိုတာတော့ အာမခံနိုင်တယ်။ ဒါကြောင့်လည်း ပြိုင်ပွဲကျင်းပရေး ကော်မတီကို ဖြေရှင်းချက်တွေ တရားဝင် ပို့ထားပါပြီ" ဟု ၄င်းကဆိုသည်။
ခေါက်ဆွဲခြောက် များကို ဆက်ဆံရေးအရာရှိ (Laison Officers) နှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးလူငယ် (Volunteer Officers) များမှာ ရက်လွန် ခေါက်ဆွဲခြောက်များ စားသုံးမိခြင်းကြောင့် နေထိုင်မကောင်း ဖြစ်ရသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည့်အတွက် ယင်း Laison Officers နှင့် Volunteer Officers များကို တွေ့ဆုံ မေးမြန်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဦးဌေးအောင်က ရှင်းပြသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက် နေ့ထိ အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် လေးနေရာ ခွဲ၍ ကျင်းပခဲ့ရာ LO၊ VO သုံးထောင်ကျော် ပါဝင်ကူညီ ခဲ့ကြသည်။
The Voice Weekly