Headlines News :
Home » » ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်ကို ငါးနှစ်အဖြစ် သတ်မှတ်ရန် ပြည်ခိုင်ဖြိုးပါတီ အကြံပြု

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်ကို ငါးနှစ်အဖြစ် သတ်မှတ်ရန် ပြည်ခိုင်ဖြိုးပါတီ အကြံပြု

Written By လွင့်မောင်မောင် on Sunday, December 7, 2014 | 9:09 AM


ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်ကို ငါးနှစ်အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အကြံပြုတင်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် အထက်ပါကဲ့သို့ အကြံပြုထားခြင်းဖြစ်သည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း တစ်ကြိမ်သည် မိမိသဘောအလျောက် ရာထူးမှနုတ်ထွက် ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ် ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင် နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်း အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် ငါးနှစ်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) ပုဒ်မ ၃ဝ၃ တွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် (က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက် ခြင်း၊ (ခ)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှရပ်စဲခံရခြင်း၊ (ဂ) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်း သွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ (ဃ) ကွယ်လွန်ခြင်းအကြောင်း တစ်ရပ်ရပ်မပေါ်ပေါက်လျှင် အသက် ၇ဝ ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။                        
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅ဝ ထက်မငယ်၊ အသက် ၇ဝ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာထူးသက်တမ်းငါးနှစ် ကုန်ဆုံးသည့်အခါ ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် ပြည်ထောင်စု တရားသူကြီးချုပ် တရားသူကြီး အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် ရမည်ဟု ဖြည့်စွက်ရန် အကြံပြုထားသည်။
“တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ရာထူးလစ်လပ်လျှင် အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အသစ်များ၏ ရာထူးသက်တမ်းသည် လစ်လပ်သည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ်  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်” ဟု ဖြည့်စွက်ရန် ပြည်ခိုင်ဖြိုးပါတီက အကြံပြုထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်အား ပြည်ထောင်စုလွှတ်တော်ကသာ ရွေးချယ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ဦးခင်အောင်မြင့်က အကြံပြုထားသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ပြည်ထောင်စု တရားသူကြီးချုပ်အား နိုင်ငံတော်သမ္မတက ခန့်အပ်မည့်အစား ပြည်ထောင်စုလွှတ်တော်က ခန့်အပ်ရန် လွှတ်တော်က အဆုံးအဖြတ် အတည်ပြုပေးရန် လိုအပ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြောကြားထားသည်။
မျိုးမင်းထက်EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template