Headlines News :
Home » » စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း ခုံရုံးသို့ တိုင်ကြား

စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း ခုံရုံးသို့ တိုင်ကြား

Written By လွင့်မောင်မောင် on Sunday, December 7, 2014 | 8:57 AM


ရန်ကုန်၊ ဒီဇင်ဘာ ၎

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပါ ပုဒ်မအချို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီဟုဆိုကာ အခြေခံဥပဒေ ခုံရုံးသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲသို့ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်က ပြောကြားသည်။

စည်ပင်သာယာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၃ တွင် ရွေးချယ်ခံကြမည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်များသည် မည်သည့် နိုင်ငံရေးပါတီဝင်မျှ မဖြစ်စေရဟု ဖော်ပြထားခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် နေသောကြောင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် အခြေခံဥပဒေ ခုံရုံး အပါအဝင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံသို့ တိုင်ကြားစာ ပေးပို့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေပုဒ်မ ၂၆ အရ ကိုယ်စားလှယ်အဖြစ် အတည်ပြုနိုင်ရန် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကိုယ်စားလှယ်လောင်းများသည် မည်သည့် နိုင်ငံရေး ပါတီဝင်မျှ မဖြစ်စေရဟု ဝန်ခံကတိပြု လက်မှတ် ရေးထိုးစေကြောင်း ၎င်းကရှင်းပြသည်။

“စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့ကိုတော့ နိုင်ငံရေးပါတီ လုပ်ငန်းတွေ ဆက်လုပ် ကိုင်ခွင့်ရတယ်၊ ကျွန်တော်တို့လို ကိုယ်စားလှယ်လောင်းတွေမှာ လုပ်ခွင့် မရှိဘူးလို့ ကန့်သတ်တာ အခြေခံဥပဒေကို ဘောင်ကျော် နေတာပဲလေ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ တိုင်ကြားစာ ပေးပို့နိုင်သော်လည်း အခြေခံဥပဒေအတွင်း ပါရှိသော ပြဋ္ဌာန်းချက်များအတိုင်း ပေးပို့သင့်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အခြေခံဥပဒေ ခုံရုံးကို ပို့တယ်ဆိုတာ၊ လူတိုင်း ပို့လို့ရပေမယ့် ဘယ်လို အဖွဲ့အစည်းတွေက ပို့ရတယ်ဆိုတာ ပါပြီးသားပါ၊ အဲဒီအတိုင်း မလုပ်ရင် ခုံရုံးက တုံ့ပြန်ဖို့ဆိုတာ မလွယ်ဘူး” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ရွေးကောက်ပွဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင် တစ်ခုချင်းစီအတွက် ကော်မတီဝင် သုံးဦး၊ မြို့နယ်တစ်မြို့နယ်ချင်းစီအတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေတွင် ပါရှိသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မြို့နယ်များတွင် အိမ်ထောင်တစ်စုလျှင် ၁၈ နှစ် ပြည့်ပြီးသူ တစ်ဦးသာလျှင် ကိုယ်စားပြု မဲပေးရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒဂုံဆိပ်ကမ်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကျော် အသုံးပြုကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template