Headlines News :
Home » » ၂၀၀၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေသည် တောင်သူများကို ပြစ်ဒဏ်ပေးရန် သီးသန့်ရည်ရွယ်ထားသည့် ဥပဒေကဲ့သို့ဖြစ်နေ၍ ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြောကြား

၂၀၀၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေသည် တောင်သူများကို ပြစ်ဒဏ်ပေးရန် သီးသန့်ရည်ရွယ်ထားသည့် ဥပဒေကဲ့သို့ဖြစ်နေ၍ ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြောကြား

Written By လွင့်မောင်မောင် on Thursday, December 11, 2014 | 8:39 AM


၂ဝဝ၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေသည် တောင်သူများကို ပြစ်ဒဏ်ပေးရန် သီးသန့်ရည်ရွယ်ထားသည့် ဥပဒေကဲ့သို့ ဖြစ်နေသည့်အတွက် ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

ဦးမင်းသူက “ဒီဥပဒေကို ပြင်ဖို့တော့လုပ်ရမယ်။ ဥပဒေဆိုတာတော့ ရှိရမယ်။ ဥပဒေရှိမှ ကောင်းတာပါ။ ရှိလည်း ရှိသင့်တယ်။ ဆင်းရဲသားပပျောက်ရေးဆောင်ရွက်နေတဲ့  သမ္မတရဲ့မူနဲ့လည်း ဒီဥပဒေက မကိုက်ဘူး ဖြစ်နေတယ်။ နိုင်ငံတော်မူနဲ့လည်း မကိုက်ဘူး။ သမ္မတနယ်မြေမှာ သမ္မတရဲ့ မိန့်ခွန်းနဲ့ ကိုက်အောင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မူနဲ့မကိုက်တဲ့ ဥပဒေလို့လည်း ပြောလို့ရမယ်။ မူနဲ့ကိုက်ညီအောင် ဥပဒေက ဆောင်ရွက်ဖို့လိုတယ်။ ပြစ်ဒဏ်ပေးဖို့ သီးသန့်ရည်ရွယ်ထားတဲ့ ဥပဒေမျိုး ဖြစ်နေတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်အတွင်း ဖြစ်ပွားနေသည့် နေရာအနီးရှိ လယ်မြေကွက်များအား အာဏာရှိသူများ၊ ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှ ရယူထားသည်ကို တွေ့ရကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ကျူးကျော်ဆိုကာ တရားစွဲခံရပြီး ထောင်ကျနေရကြောင်း၊ သမ္မတကြီးရှိသည့် ဒေသမှာ ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း၊ မြို့သစ်တည်သည့်အတွက် ကျေးရွာများ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ခြံကျယ်သည့်သူများအား မနစ်နာအောင် (၄ဝ x ၆ဝ) နှစ်ကွက်၊ သုံးကွက်ပေးမည်ဟု ပြောခဲ့မှုများရှိကြောင်း၊ ကတိပြုထား၍ ပေးသည့်နေရာတွင် မူလတောင်သူများက အိမ်များဆောက်သည်ကို တွေ့ရှိကြောင်း၊ အခုကျတော့ အဲဒီသူတွေကို တစ်ကွက်ယူရမှာကို နှစ်ကွက်၊ သုံးကွက်ယူတယ်ဆိုတဲ့ ပုံစံနဲ့ ပိုင်ဆိုင်ခွင့်မရှိဘူးဆိုပြီး ကျူးကျော်ဆိုကာ တရားစွဲမှုများဖြစ်လာပြီး ထောင်ကျနေခဲ့သည်များရှိကြောင်း ၎င်းက ပြောကြားသည်။

စည်ပင်သာယာရေးဥပဒေဆိုတာ မြို့ပြဥပဒေဖြစ်ကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသည့် ဥပဒေပဲ ဖြစ်သင့်ကြောင်း၊ အခုအနေအထားက ပြစ်ဒဏ်ပေးရန်သက်သက်ဖြစ်နေကြောင်း၊ ပြစ်မှုဆိုရင်လည်းထောင် သုံးလနဲ့ ဒဏ်ငွေပဲရှိကြောင်း၊ ဒဏ်ငွေကလည်း ၅ဝဝဝ ကျပ်ကနေ တစ်သိန်းအထိရှိကြောင်း၊ နေစရာ၊ စားစရာမရှိတဲ့သူဆိုတော့ မည်သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေက အခြေခံဥပဒေနဲ့လည်း ကွဲလွဲနေတယ်။ ဥပဒေမှာက နိုင်ငံသားတစ်ယောက်ရဲ့ နေအိမ်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပြုရမယ်လို့ ပြဠာန်းထားတာ။ အဲဒီလိုပါရဲ့သားနဲ့ နိုင်ငံရဲ့ အမြင့်ဆုံးသမ္မတရဲ့ နယ်မြေမှာ ဒီလိုဖြစ်နေတာကတော့ အခြေခံဥပဒေပါ နိုင်ငံသားတွေ ရဲ့အခွင့်အရေးအတွက် ပြန်ကြည့်ဖို့လိုတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

ဒီဥပဒေကို ကျွန်တော်တို့ ပြင်မယ်ဆိုရင်တောင် မပြင်ခင်မှာ မြေယာစီမံခန့်ခွဲမှု ကော်မတီကို အထူးသဖြင့် နစ်နာတဲ့တောင်သူတွေကို စနစ်တကျ ဖြေရှင်းပြီးမှသာ ဒီဥပဒေကို ကျင့်သုံးသင့်ကြောင်း၊ ဥပဒေမှာ ပျော့ကွက်၊ ဟာကွက်များရှိနေသည်ကို တွေ့ရကြောင်း၊ တရားသူကြီးကတော့ သူရဲ့ပညာအရသိကြောင်း၊ ဒါပေမဲ့ အထက်က ညွှန်ကြားနေတာတွေရှိတော့ လွတ်လပ်တဲ့ တရားရုံးမဖြစ်တာကိုတော့ လေ့လာတွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နေပြည်တော်တွင် ၂ဝ၁၂ ခုနှစ်ခန့်မှစ၍ မြေယာအမှုပေါင်း ၃ဝဝ ခန့် ရှိနေပြီဖြစ်ကြောင်း၊ မြေယာမှုခင်းမှာ လက်ရှိအချိန်မှာ အမှုပေါင်း ၁၅ဝ ခန့် ရှိနေသေးကြောင်း၊ ထောင်ဒဏ်ကျခံခဲ့ရသည့် တောင်သူ ၁ဝဝ ဦးခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “၂ဝ၁၂ နောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဥပဒေ ပေါ်လာတယ်။ အဲဒီနှစ်ကစပြီး တောင်သူတွေကို ထောင်ချမှုတွေ စတော့တာပဲ။ ၂ဝဝ၉ ခုနှစ် စည်ပင်သာယာရေးအက်ဥပဒေက လွှတ်တော်မပေါ်ခင်က ပြဠာန်းထားတဲ့ ဥပဒေဖြစ်တယ်။ အခုဆိုရင် ရန်ကုန်မြို့တော်စည်ပင်ဥပဒေကို ဖျက်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းခဲ့တယ်လို့ သိရတယ်။ အခု နေပြည်တော်မှာလည်း ဒီဥပဒေကြောင့် တောင်သူတွေအတွက် ဆုံးရှုံးမှုတွေများနေတယ်။ ထောင်ကျတာကအစပေါ့”ဟု ပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ တောင်သူသုံးဦးအား ကျူးကျော်တရားစွဲဆိုထားသည့် အမှုရုံးချိန်းအား ဒီဇင်ဘာ ၂၂ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template