ဒီနှစ်ထဲ ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားပြီး အဓိကဆည်ကြီးတွေမှာ ရေထုထည် ကျဆင်းနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြည်သူတွေကို ရေချွေတာသုံးစွဲဖို့ ပြောကြားလိုက်ကြောင်း ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၄ ရက်နေ့က အစိုးရအိမ်တော်မှာ ကျင်းပတဲ့ မိုးခေါင်ရေးရှားပြဿ နာဖြေရှင်းရေးဆိုင်ရာ ၀န်ကြီးများအဆင့် အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားပြီး ရေအရင်းအမြစ်ရှားပါးမှု ပြဿ နာ ကြုံတွေ့နေရတာမို့ အစိုးရအနေနဲ့ ရေပြတ်လပ်မှု မဖြစ်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းနေပေမယ့် ပြည်သူတွေကလည်း လူတိုင်းလူတိုင်း ရေကိုချွေတာသုံးစွဲဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတိပေးပြောကြား လိုက်ပါတယ်။
အဓိကဆည်ကြီး ၄ ခုဖြစ်တဲ့ ဘူမိဘော်လ်၊ သီရိခေတ်၊ ပါဆဒ်ချွန်းဆစ်ထိ နဲ့ ခွိုင်နွဲ့ဆည်က ရေကိုမှီခိုအားထားနေရတဲ့ ဒေသတွေအနေနဲ့ သြဂုတ်လဆန်းပိုင်းထိ မိုးမရွာသေးဘူးဆိုရင် ရေမလုံလောက်တဲ့ ပြဿ နာတွေ့ကြုံနိုင်ကြောင်း၊ ဒါကြောင့် မဲနန်ချောင်ဖရာ မြစ်ကမ်းတလျှောက် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတွေအနေနဲ့ ဆည်ရေအသုံးပြုခြင်းကို ဆိုင်းငံ့ပေးဖို့လည်း ၀န်ကြီးချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။
စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အလုပ်အကိုင်ပျက်ရင် တခြားနည်းလမ်းနဲ့ ဥပမာ တခြားအလုပ်အကိုင်တွေ ပြောင်းလဲလုပ်ကိုင်နိုင်အောင် အစိုးရက စီစဉ်ပေးမယ့်အကြောင်း၊ လျော်ကြေးငွေ ပေးဖို့ရာမှာတော့ သူ့အနေနဲ့ ဆန္ဒရှိပေမယ့်လည်း အခြားပြဿ နာဖြေရှင်းမှုကိုပါ ထိခိုက်နိုင်မယ့် ငွေရေးကြေးရေး အခြေအနေ ပြန်ကြည့်ရမယ်လို့ သူကဆက်ပြောပါတယ်။
ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ၀န်ကြီးများအစည်းအဝေးမှာ တာ့ခ်ခရိုင်က ဘူမိဘောလ်ဆည်၊ ဥဒရာဒစ်ခရိုင်မှ သီရိခေတ်ဆည်၊ ဗိဿ နုလုတ်ခရိုင်မှ ခွဲနွဲ့ဆည်နဲ့ လုပ်ပူရီခရိုင်မှ ပါဆဒ်ချွန်းဆစ်ထိ စတဲ့ ဆည်ကြီး ၄ ခုကနေ ရေလွှတ်မှုပမာဏ နေ့စဉ် ကုဗမီတာ သန်းပေါင်း ၂၈ သန်း ပေးဝေရာကနေ သန်းပေါင်း ၁၈ ကုဗမီတာထိ ဇူလိုင် ၁၆ ရက်မှာ လျှော့ချဖို့ သဘောတူခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားပြဿ နာဖြေရှင်းဖို့ မိုးအတုရွာပေးတဲ့ နည်းပညာတွေ ရှိပေမယ့်လည်း ကောင်းကင်ရေငွေ့ စိုစွတ်မှုအားက မလုံလောက်တဲ့အတွက် သတ်မှတ်ထားတဲ့အတိုင်း ရွာမပေးနိုင်ဘူးလို့ မိုးတုစီမံချက်ရေးရာဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသနေ လယ်သမားတွေကြားမှာလည်း ရေအရင်းအမြစ်ဝေခွဲမှု အငြင်းပွားမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။
မိုးရွာသွန်းမှု နည်းပါးတာကြောင့် တောင်သူလယ်သမားတွေဟာ မိုးရေအစား ဆည်ရေကို သွယ်တန်းသုံးစွဲရာကနေ အများပြည်သူ သောက်သုံးရေတွေပါ မလုံလောက်မယ့် အခြေအနေဖြစ်နေတာပါ။
တခြားခရိုင်တွေမှာလည်း ရေအရင်းအမြစ် ပြတ်လပ်မှုပြဿ နာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေချွေတာသုံးစွဲရေး သတိပေးလှုံ့ဆော်နေသလို ၂၄ နာရီ ရေပေးဝေနေရာက နာရီပိုင်းနဲ့ ပေးပြီး လျှော့ချတာတွေ ရှိနေပါတယ်။
လုပ်သားပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ရေပိုက်ဖွင့်ထားတာ မလုပ်ဖို့၊ ဥပမာ သွားတိုက်နေစဉ် ရေပိုက်ဖွင့်ထားတာ ရှောင်ကြဉ်ဖို့၊ အ၀တ်အစားကို နည်းနည်းချင်း လျှော်ဖွတ်မယ့်အစား စုလျှော်ပြီး ရေကုန်သက်သာစေမယ့်နည်းကိုသုံးဖို့၊ ပန်းကန်ဆေးရာမှာ တစ်ရှူးစက္ကူနဲ့ အဆီတွေအရင်သုတ်ပြီးမှ ဆေးကြောဖို့၊ အပင်တွေ နေ့စဉ်ရေလောင်းရာကနေ ရက်ခြားလောင်းတာ စသဖြင့် ရေကို ချွေတာသုံးစွဲဖို့ လူထုရေဒီယိုတွေမှာလည်း ထုတ်လွှင့် ပေးနေပါတယ်။
DVB