ဆီးရီးယားနိုင်ငံ အတွင်းရှိ အစ္စလာမ္မစ် နိုင်ငံ အကြမ်းဖက်အုပ်စု ISIS
ပစ်မှတ်များကို ရုရှားစစ်ဘက်က ယမန်နေ့တွင် လေကြောင်း ထိုးစစ်များ ၊
ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရှေ့ မြေထဲပင်လယ်
ဒေသသို့ ရောက်ရှိနေသည့် ရုရှားရေငုပ်သင်္ဘော တစ်စီးကလည်း ပထမဆုံးအကြိမ်ဖြစ်
ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စကိုင်းနယူးစ်
သတင်းဌာန က ဖော်ပြခဲ့ကြောင်း သိရသည်။
အရှေ့မြေထဲပင်လယ် ဒေသအတွင်း ရောက်ရှိနေသော ရော့စတော့ဗ်အွန်ဒွန် အမျိုးအစား
ကိုယ်ပျောက် ရေငုပ်သင်္ဘောသည် ယမန်နေ့တွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS
စစ်သွေးကြွ ပစ်မှတ်များကို ကာလီဗာ ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်
တိုက်ခိုက်ခဲ့ရာ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှား
ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန် ခဲ့သည်။
ရေဒါ ထောက်လှမ်းမှုကို ကိုယ်ယောင်ဖျောက် စစ်ကစားနိုင်စွမ်း ရှိသည့်
ရော့စတော့ဗ်အွန်ဒွန် ကိုယ်ပျောက် ရေငုပ်သင်္ဘောသည် ကာလီဗာ အမျိုးအစား
ခရုစ်ဒုံးကျည် များဖြင့် ဆီးရီးယား ISIS စစ်သွေးကြွ ပစ်မှတ်များကို
ပစ်ခတ်ချေမှုန်း နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက သမ္မတ
ဗလာဒီမာပူတင် ထံသို့ ယမန်နေ့တွင် တင်ပြခဲ့သည်။
ပြီးခဲ့သည့် သုံးရက်တာ အတွင်း ပြုလုပ်ခဲ့သော ISIS စစ်သွေးကြွ ချေမှုန်းရေး
လေကြောင်း ထိုးစစ်များတွင် ရုရှားလေတပ်မှ တီယူ-၂၂ ဗုံးကြဲလေယာဉ် များလည်း
ပါဝင်ခဲ့ ကြသည်။
ကတ်စပီယန် ပင်လယ်နှင့် မြေထဲပင်လယ် အခြေစိုက် ရုရှားစစ်ဘက် များသည်
ယခုလအတွင်း ဆီးရီးယား ISIS စစ်သွေးကြွ ပစ်မှတ်များကို ခရုစ်ဒုံးကျည်
များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သော်လည်း ရေငုပ်သင်္ဘောမှ တစ်ဆင့်
ခရုစ်ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
(Pyi Chit Thar)