ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ကော့စမွိခရိုင်ကို သွားမယ့် ဘန်ကောက်အဲဝေး
လေကြောင်းလိုင်းဟာ ခြိမ်းခြောက်ခံရတဲ့အတွက် ခရီးစဉ်ကို
ဖျက်သိမ်းလိုက်ပါတယ်။
နိုင်ငံခြား ခရီးသည် ၂ ဦး စကားများရာက တဦးက လေယာဉ်ကို ဗုံးခွဲမယ်လို့
ခြိမ်းခြောက်ခဲ့တယ်လို့ သုဝဏ္ဏဘုံမိ လေဆိပ် အထွေထွေမန်နေဂျာကို ကိုးကားပြီး
ဘန်ကောက်ပိုစ်သတင်းမှာရေးပါတယ်။
ဒီအတွက် ကောစမွီခရိုင်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ်မှာ
ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပီဂျီ ၁၄၅ လေယာဉ်က ခရီးစဉ်ကို ဖျက်သိမ်းဖို့
ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးဖို့အတွက် ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ
အားလုံးလည်း လေယာဉ်ကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ခရီးသည်အိတ်တွေကိုလည်း
အိပ်ခ်ျရေးနဲ့ ပြန်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးရာမှာ တစုံတရာသံသယရှိစရာမတွေ့ရဘူးလို့ လုံခြုံရေး အရာရှိတွေက
ပြောသလို ခရီးသည် ၂ ဦးကိုလည်း တရားဥပဒေအရ အရေးယူသွားဖို့ ဘန်ကောက်အဲဝေးက
ဆုံးဖြတ်လိုက်ပါတယ်။
အပြစ်ရှိကြောင်း တွေ့ရရင်တော့ ခရီးသည်တွေက ဘတ်ငွေ ၂ သိန်း ဒါမှ မဟုတ် ထောင်ဒဏ် ၅ နှစ် (သို့) ၂ ခုလုံး ပူးတွဲကျခံရမယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၉၉ ဦး လိုက်ပါဖို့ရှိနေသလို ဒီခရီးစဉ်ကို ည ၇
နာရီခွဲမှာ ပြန်လည်ရွှေ့ဆိုင်းပြီး ပီဂျီ ၁၈၇ လေယာဉ်နဲ့
ပြန်လည်သွားရောက်ခဲ့ပါတယ်။
DVB