Headlines News :
Home » » အယ်လ်နီညိုနဲ့ အအေးပိုမလား ဒီဇင်ဘာ ဆောင်း

အယ်လ်နီညိုနဲ့ အအေးပိုမလား ဒီဇင်ဘာ ဆောင်း

Written By Live100 on Monday, December 7, 2015 | 8:20 AM

 
နှင်းမြူများ ဝေဆိုင်းနေသော မိုးကုတ်မြို့ကို ဒီဇင်ဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
စစ်ကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလအတွက် ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၅ ရက်မှ ၂၀ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၉ ရက်မှ ၁၄ ရက်ခန့် မြူထူများ ဆိုင်းနိုင်ကြောင်း အဆိုပါ ခန့်မှန်းချက်မှာ ဖော်ပြထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၅ ရက်မှ ၇ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၂ ရက်မှ ၄ ရက်ခန့် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းခဲ့သည်။

■ ဒီဇင်ဘာလဆန်းပိုင်း အခြေအနေ

ဒီဇင်ဘာလဆန်းပိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တိုင်းဒေသကြီး အများစုတွင် ညအပူချိန်များ ပိုခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်က တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့သည်။

ဒီဇင်ဘာ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က ဧရာတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၇ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်ထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်ထိနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့သည်။

ဒီဇင်ဘာ ၄ ရက်က တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်ထိနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။

အဆိုပါ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်များထက် ပိုများနေသည်ဟု ဆိုနိုင်သည်။

မိုးရွာသွန်းမှုများ အနေဖြင့် ဒီဇင်ဘာ ၁ ရက်က ကော့သောင်းမြို့တွင် (၀.၁၆) လက်မ၊ ဒီဇင်ဘာ ၂ ရက်က ထားဝယ်မြို့တွင် (၀.၀၄)လက်မ၊ ဒီဇင်ဘာ ၃ ရက်က မိုးကုတ်မြို့တွင် (၀.၁၁)လက်မ၊ ဒီဇင်ဘာ ၄ ရက်က မြစ်ကြီးနားမြို့တွင် (၁.၄၂) လက်မ၊ ပူတာအိုမြို့တွင် (၁.၀၂) လက်မ၊ ထားဝယ်မြို့တွင် (၀.၈၃)လက်မ၊ ခရမ်းမြို့တွင် (၀.၇၁) လက်မနှင့် ရေးမြို့တွင် (၀.၆၀) လက်မ၊ ဒီဇင်ဘာ ၅ ရက်က ပူတာအိုမြို့တွင် (၁.၁၉) လက်မ၊ ပင်လောင်းမြို့တွင် (၀.၆၃) လက်မ၊ မိုင်းဆတ်မြို့နှင့် လွိုင်ကော်မြို့တို့တွင် (၀.၅၁) လက်မ၊ နေပြည်တော် (လေဆိပ်) တွင် (၀.၄၄) လက်မ၊ ကျိုင်းတုံမြို့၊ ပြည်မြို့နှင့် ဘော်လခဲမြို့တို့တွင် (၀.၃၉) လက်မစီတို့ ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည့် မှတ်သားဖွယ်ရာ မိုးရေချိန်များအရ သိရသည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေဖိအားနည်းချိုင့်ဝှမ်း (Western Trough) တစ်ခု တိုးဝင်လာမှုကြောင့် မိုးရွာသွန်းမှုများ ရှိခဲ့သည်။

“မြေပြင်လေဖိအား စနစ်အရတော့ လေဖိအားနည်း ရပ်ဝန်းဟာ ဆဲလ်အဖြစ်သာ ရှိနေပါတော့တယ်။ ဒါပေမဲ့ လေဖိအားနည်း မြောင်တန်းကတော့ မြန်မာဘက်ကို ဆက်လက်တိုးဝင်နေဆဲ ဖြစ်ပါတယ်။ ဒီအတွက် ပူနွေးတဲ့ ရေငွေ့တချို့ကို ပို့လွှတ်နေဆဲ ဖြစ်ပါတယ်။ ဂြိုဟ်တုကပေးပို့တဲ့ တိမ်တွေကတော့ မနေ့က သုံးသပ်ထားသလိုဘဲ အရှေ့တောင်ဘက်ကို အိဆင်းလာတဲ့အတွက် မိုးရွာမယ့် ဧရိယာတော့ ပြောင်းလဲလာပါတယ်” ဟု မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“မိုးကတော့ ဘင်္ဂလာပင်လယ်အော် အနောက်တောင်ပိုင်းမှာ ရှိနေတဲ့ တိမ်တိုက် အရှေ့မြောက်ဘက်ထဲကို ကွေ့လာတယ်။ ကွေ့လာတဲ့ တိမ်တိုက်နဲ့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းတို့ ပေါင်းပြီးတော့ မြန်မာပြည်ဘက်ထဲကို ၀င်လာတဲ့အချိန်ရယ်၊ ပင်လယ်ထဲက လာတာဆိုတော့ သူနဲ့ပါလာတဲ့ ရေခိုးရေငွေတွေရယ်၊ သူရဲ့လေနွေးတွေနဲ့ ၀င်လာတဲ့ အရှိန်နဲ့ တရုတ်ပြည်မကြီးက ၀င်လာတဲ့ လေဖိအားကြီးရပ်ဝန်း (China High)က မြန်မာနိုင်ငံထဲကို ထိုးဝင်လာတာ။ ခုနပြောတာတွေ မြန်မာနိုင်ငံထဲမှာ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံ အတွင်းမှာ တစ်ရက် နှစ်ရက်အတွင်း မိုးရနေတဲ့ အနေအထားပေါ့။ ဒီနေ့ (ဒီဇင်ဘာ ၅) ရက်ဆိုရင်တော့ မိုးက ပြန်နည်းသွားပြီ” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

တောင်ကြီး ကျောင်းကြီးစုရပ် ဗောဓိကွင်းတွင် နိုဝင်ဘာ ၅ ရက် နံနက်ခင်းက မြူနှင်းများ ကျဆင်းနေသည်ကို တွေ့ရစဉ်
“ဆောင်းရာသီရဲ့ ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ တရုတ်ပြည်မကြီးပေါ်မှ လေဖိအားများ ရပ်ဝန်းကြီး (Seasonal China High) ဟာ အားကောင်းနေပြီး မြန်မာနိုင်ငံ အတွင်းကို ရှမ်းပြည်နယ် မြောက်ပိုင်းမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ရောက်အောင် တိုးဝင်နေပါတယ်။ အဲဒီ တိုးဝင်မှုကြောင့် မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသမှာ အရှေ့မြောက်လေများ တစ်နာရီ မိုင် (၂၀-၂၅) အထိ တိုက်ခတ်နေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာလည်း ညအပူချိန်များ ၄ ဒီဂရီစင်တီ ဂရိတ်ထိရောက်အောင် ကျဆင်းနေပြီး မိုးတွေလည်း ရွာနေပါတယ်။ ဒီဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေပါတယ်။ အကြောင်းကတော့ ၂၀၁၁ ခုနှစ် မတ် ၁၁ မှ ၁၇ ရက်တုန်းက ဒီလို အရှေ့မြောက်လေအေးတွေ တိုးဝင်လာရာမှာ မြစ်ဝကျွန်းပေါ်ကို ကျော်လွန်ပြီး သီရိလင်္ကာနိုင်ငံအထိ ရောက်အောင် တိုးဝင်လာလို့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ အရှေ့လေပြင်းများ တိုက်ခတ်ခဲ့ရာ ဖျာပုံမြစ်ဝက ကျားဖေါင်တွေ လေနဲ့ မျောပါသွားလိုက်တာ ရေလုပ်သားတွေ သောင်းနဲ့ချီပြီး ဘင်္ဂလားပင်လယ်အော်ထဲ မျောပါသွားခဲ့ကြတဲ့ သမိုင်းဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။ လေဖိအားများရပ်ဝန်း လက်ရှိ တိုးဝင်မှုဟာ ၂၀၁၁ လောက် အားမကောင်းသေးပေမယ့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသမှာ ပင်လယ်ရေလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေ အနေနဲ့ သတိရှိစွာ လုပ်ကိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးတွေရွာ၊ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ လေပြင်းတွေတိုက်၊ လှိုင်းတွေကြီးနဲ့ ဒုက္ခတွေ ရောက်ခဲ့ကြရပါတယ်။ အထူးသဖြင့် ဒီနှစ်ဆောင်းရာသီ ကာလမှာ အာတိတ်လေအေးတွေ တရုတ်ပြည်အတွင်း တိုးဝင်ဖို့ ရှိနေတဲ့အတွက် ဒီအန္တရာယ်ဟာ အခုကတည်းက အထူးသတိပြုဖို့ လိုအပ်နေပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

■ ဒီဇင်ဘာဆောင်း

တရုတ်ပြည်မကြီးဘက်မှ ဆောင်းအရှေ့မြောက်လေအေးများ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတန်း ဒေသများကို ကျော်လွန်ပြီး ဘင်္ဂလား ပင်လယ်အော်အတွင်း ရောက်ရှိသည်အထိ တိုးဝင်နေခြင်းကြောင့် ညအပူချိန်များ ကျဆင်းပြီး အအေးဒဏ်ပိုမှုကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ကြုံတွေ့နေကြရကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ထံမှ သိရသည်။

“တရုတ်ပြည်မကြီးပေါ်က လေဖိအားနည်းရပ်ဝန်းကြီး တအား အားကောင်းလာတဲ့ အတွက်ကြောင့် ပြန်ပြီးတော့ အေးသွားပါမယ်။ ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က တစ်နိုင်ငံလုံး အနှံ့မှာ မိုးရွာလိုက်တဲ့ အရှိန်ကြောင့် အအေးပေါ့သွားတယ်။ ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) မှာ ဆိုရင်ပဲ တချို့ဒေသတွေမှာ မိုးပြတ်သွားတဲ့ ဒေသတွေမှာ အေးနေပြီ” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

ယခုနှစ် ဒီဇင်ဘာနှင့် ပြီးခဲ့တဲ့ ဒီဇင်ဘာများ နှိုင်းယှဉ်မယ်ဆိုလျှင် ယခုလက်ရှိတွင် မိုးရွာသွန်းမှုကြောင့် ပူပြင်းမှုများ၊ မိုးရွာသွန်းမှုများ မရှိလျှင် ပြန်လည်အေးသွားသည့် အခြေအနေ ရှိနေကြောင်း၊ အများအားဖြင့် အယ်လ်နီညိုဖြစ်သော နှစ်များတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုနေကြောင်း ဦးကျော်မိုးဦးက ပြောကြားသည်။

■ အယ်နီညိုနဲ့ ဒီဇင်ဘာဆောင်း

၁၉၉၇-၉၈ အယ်လ်နီညိုနှစ်က ရေကြီးမှုများ၊ မိုးခေါင်မှုများ၊ မီးလောင်မှုများ၊ မုန်တိုင်းကျရောက်မှုများ၊ မြေပြိုမှုများ ကမ္ဘာအနှံ့ ဖြစ်ခဲ့သည့်အတွက် လူ့အသက်ပေါင်း ၂၀၀၀၀ ကျော်နှင့် အထွေထွေ အရပ်ရပ် ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉၇ ဘီလျံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်သည် ၁၉၉၇-၉၈ အယ်လ်နီညို ဖြစ်စဉ်ထက် ပိုပြင်းထန်နေကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အယ်လ်နီညို ဖြစ်စဉ်သည် မှတ်တမ်း သမိုင်းတစ်လျှောက်တွင် အားအကောင်းဆုံး ဖြစ်လာကြောင်း၊ ယခင်က အပြင်းထန်ဆုံး အယ်လ်နီညိုအဖြစ် စံချိန်တင်ထားခဲ့သည့် ၁၉၉၇-၉၈ အယ်လ်နီညိုအင်အားကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း၊ လက်တွေ့ တွေ့ကြုံနေကြရပြီဖြစ်သည့် ရာသီဥတု ဆိုးရွားဖောက်ပြန်မှုများနှင့် မှတ်တမ်းအထောက်အထား တွေ့ရှိချက်များအရ ၂၀၁၅ ခုနှစ် အယ်လ်နီညိုသည်  ၁၉၉၇-၉၈ ထက် ပိုမိုဆိုးနိုင်သည်ကို ပြသနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ထံမှ သိရသည်။
Writer: 
ထက်ရှိုင်းEMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template