ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံပွဲမှာ ‘နိုင်ငံအကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်’ လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေသတင်းဌာနနဲ့ အပတ်စဉ် မေးမြန်းခန်းမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ တွေ့ဆုံမှုကနေ ကြီးမားတဲ့အကျိုး ရရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ဒါဟာ နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နေအိမ်မှာ ၂ နာရီခွဲကြာ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ပထမဆုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အန်အယ်လ်ဒီက တရားဝင် သဘောတူညီချက် ထုတ်ပြန်တာ မရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က နှစ်ဘက် သဘောတူညီချက်အရ ဆိုပြီး ဒီဇင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ သတင်းထုတ်ပြန်ချက်မှာ စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့တဲ့ ဦးသန်းရွှေက ရွေးကောက်ပွဲအနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံခေါင်းဆောင်အဖြစ် ထောက်ခံတဲ့အကြောင်းနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်တဲ့နေရာမှာ ‘တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည်’ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
DVB