ထားဝယ်၊ ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီးတွင်
၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက် စာစစ်ဌာန
၅ခုတိုးချဲ့ဖွင့်လှစ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ယခင်နှစ်က တိုင်းအတွင်း
တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၃၃ ခုရှိရာမှ ၂၀၁၆ ခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ
မေတ္တာမြို့နယ်ခွဲ၊ လောင်းလုံးမြို့နယ် မောင်းမကန်ရွာ၊ မြိတ်ခရိုင် အုန်းတောရွာ၊
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲနှင့် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတို့ တွင်တစ်ခုစီ တိုးချဲ့
ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ်ဌာန ၃၈ခုအထိ ရှိလာမည်ဖြစ်ကြောင်း
တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“စာဖြေကျောင်းသားတွေ အဆင်ပြေအောင်
စာစစ်ဌာနတွေ တိုးချဲ့ဖွင့်လှစ်ပေးတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းကဲ့သို့ စာစစ်ဌာန
တိုးချဲ့ဖွင့်လှစ်ပေးသည့်အတွက် ဒေသအနီးတစ်ဝိုက်မှ ကျောင်းသားများ
ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြော င်း မေတ္တာမြို့နယ်ခွဲ ဖောင်းတောရွာမှ
ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
“အခုလို ဖွင့်ပေးလိုက်တော့
ကျောင်းသားတွေ ထားဝယ်မြို့ပေါ်အထိ လာဖြေစရာမလိုတော့ဘူးပေါ့” ဟု အဆိုပါကျောင်းသားမိဘက
ပြောသည်။
တိုင်းအတွင်း ၂၀၁၆ခုနှစ်
တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသား မှာ ယခင်နှစ်ထက် ၃၀၀၀ကျော်တိုးလာပြီး
ထားဝယ်ခရိုင်တွင် ၅၇၈၅ဦး၊မြိတ်ခရိုင်တွင် ၉၃၀၀ဦးနှင့် ကော့သောင်းခရိုင်တွင်
၁၄၇၅ဦး စုစုပေါင်း ၁၆၅၆၀ဦး ၀င်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ
သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း
၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မှာ ၄၀.၉၂ ရာခိုင်နှုန်းနှင့်
၂၀၁၄-၂၀၁၅ ခုနှစ်တွင် အောင်ချက် ၃၄.၈၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း
တိုင်းပညာရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
ရဲထွဋ်၊Dawei Watch