Headlines News :
Home » » တရားသူကြီးအပါအ၀င် တရားရေးဝန်ထမ်းခုနစ်ဦးအား ရာထူးမှ ရပ်စဲခဲ့

တရားသူကြီးအပါအ၀င် တရားရေးဝန်ထမ်းခုနစ်ဦးအား ရာထူးမှ ရပ်စဲခဲ့

Written By လွင့်မောင်မောင် on Thursday, November 15, 2012 | 5:49 PM

 
ရန်ကုန်၊ နိုဝင်ဘာ - ၁၀

မန္တလေးမြို့တွင် မြို့နယ်တရားသူကြီးများအပါအ၀င် တရားရေး ၀န်ထမ်းခုနစ်ဦးကို ရာထူးမှ ရပ်စဲလိုက်ပြီး ခရိုင်အဆင့် တရားသူကြီးအချို့ကို သတိပေးစာများ ပေးပို့ခဲ့ကြောင်း တရားရေးအသိုင်းအ၀ိုင်းမှ တရားရေးဝန်ထမ်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော် မတီမှ သတင်းရရှိသည်။

ထိုသို့အရေးယူရာတွင် မြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယဦးစီးမှူးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦး စုစုပေါင်း ခုနစ်ဦးအား ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ခရိုင်တရားသူကြီး တစ်ဦး၊ ဒုတိယခရိုင်တရားသူ ကြီးတစ်ဦး၊ မြို့နယ်တရားသူကြီး တစ်ဦး၊ အငယ်တန်းတရားသူကြီး တစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦးတို့အား စာဖြင့် ပြင်းထန်စွာ သတိပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး လက်အောက်ရှိ မြို့နယ်ဥပဒေအရာရှိတစ်ဦး၊ အကြီးတန်းစာရေးသုံးဦး၊ အငယ်တန်းစာရေးတစ်ဦးတို့အား စာဖြင့် ပြင်းထန်စွာသတိပေးခဲ့သည်ဟု သိရသည်။

“တချို့တွေက တာဝန်ထမ်းဆောင်ရမယ့်နေရာ အပြောင်းအရွှေ့မှာ နုတ်ထွက်လို့ ထုတ်ပယ်ရတာမျိုးတွေလည်း ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဦးမျိုးတင့်ကပြောသည်။ တိုင်းဒေသကြီးတရားလွှတ်တော် စတင်တာဝန်ယူသော ၂၀၁၁ မတ် ၃၁ ရက်မှ ယနေ့အထိ အမှုပေါင်း တစ်သိန်းကျော် စီရင်ဆုံးဖြတ်ခဲ့ပြီး တိုင်စာ ၂၀၀ ကျော်လည်း လက်ခံရရှိခဲ့သည်ဟု တိုင်းဦးစီးမှူးကဆိုသည်။

“ဖြုတ်လိုက်တဲ့ စာထဲမှာတော့ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ ဆိုင်တယ်လို့ ရေးထားတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် မကြာမီရက်ပိုင်းအတွင်းကပင် မန္တလေးမြို့ရှိ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် တရားလွှတ်တော်တို့ကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ တရားသူကြီးများ ရာထူးမှရပ်စဲခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်ခံရကြောင်း သတင်းရရှိသည်။

“တရားသူကြီးတွေကို ဖြုတ်တဲ့ကိစ္စတော့ သိပ်မအံ့သြဘူး။ မန္တလေးမှာ လာဘ်ပေးလာဘ်ယူမှုက အရမ်းကို ကြီးထွားနေတယ်။ အစိုးရလည်း ကျေနပ်အောင်၊ လာဘ်ပေးတဲ့သူတွေလည်း ကျေနပ်အောင် အမိန့်တွေကိုချနေတယ်။ ဒါကို သက်ဆိုင်ရာက အရေးယူတာကို မှန်တယ်လို့ သုံး သပ်တယ်။ ကျွန်တော်ကတော့ ဌာနဆိုင်ရာ အရေးယူမှုနဲ့ မကျေနပ်ဘူး။ တရားဥပဒေနဲ့အညီ အပြစ်ပေးဖို့လိုလားတယ်” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။

“ကျွန်တော်တို့ကော်မတီ စစ်ဆေးပြီးနောက်ပိုင်းမှာ မန္တ လေးမှာ တရားသူကြီးတွေ ပြုတ်တဲ့ကိစ္စ သတင်းကြားပါတယ်။ ဘာအကြောင်းကြောင့်လဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးခဲ့စဉ်တုန်းက တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ တွေ့ခဲ့ရပါတယ်။ အဲဒီအစီ ရင်ခံစာကို အခု အကြမ်းရေးနေပါပြီ။ လွှတ်တော်ကို တင်တော့မှာ ပါ” ယင်းကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“မန္တလေးတရားစီရင်ရေး ပြိုလဲသွားပြီလို့ ပြောတဲ့အထဲမှာ အခုမန္တလေးဟာ အရင်နဲ့မန္တလေးနဲ့မတူတော့ဘူး။ လူမျိုးခြားတွေ အရမ်းများလာတယ်။ သူတို့က ပိုက်ဆံရှိတော့ ငွေပေးငွေယူကိစ္စတွေ ရှေ့တန်းတင်လာခဲ့အခါ ငွေမှငွေ ဖြစ်လာတယ်။ သမာသမတ်ကျပြီး အမှန်တရားဘက်က ရပ် တည်တဲ့ ရှေ့နေကြီးတွေကလည်း မရှိတော့ဘဲ မျိုးဆက်ပြတ်သလို ဖြစ်သွားတာတွေကြောင့်လို့ မြင်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးဝင်းဆွေဦးကပြောသည်။

မန္တလေးမြို့တွင် အိမ်ဈေးမြေဈေးများ အပြောင်းအလဲမြန်နှုန်းကြောင့် အိမ်မြေကြောင့်ဖြစ်ပွားရသော အမှုအခင်းများ ပိုမိုဖြစ်ပွားလေ့ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်စာများ အသနားခံစာများ တင်ရာတွင် တရားသူကြီးများကိုပါ ထည့်တိုင်လေ့ရှိသည်ဟု တိုင်းဦးစီးမှူးကပြောသည်။

“တချို့တွေက အမှုက ရဲစခန်းပဲရှိသေးတယ်။ တရားသူကြီးကိုပါ ထည့်တိုင်ထားပြီ။ တရားသူကြီးတွေမှာ သာမန်လိုက်နာရမယ့် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေအပြင် သီးခြားလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာတွေ ရှိပါတယ်။ ကျွန်တော်တို့က လာဘ်ငွေနဲ့ ပတ်သက်ရင် သံသယဖြစ်ဖွယ်တွေ့ရင် ကို အရေးယူပါတယ်” ဟု တိုင်းဦးစီးမှူးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး(၈)ရုံး မြို့နယ် တရားရုံး ၃၂ ရုံးရှိသည်။ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်း တရားခွင်တိုင်းတွင် အမှုများကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမည်ဖြစ်ပြီး တရားရုံးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်၍ လာဘ်ငွေပေးရန်မလိုကြောင်း၊ လာဘ်ငွေတောင်းခံပါက တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖုန်း ၀၂-၂၄၉၃၅၊ ဖက်စ် ၀၂-၃၃၄၂၄ သို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

7Day News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template