Headlines News :
Home » » ဗမာ့တပ်မတော် တောင်သူများထံမှ စပါးလု

ဗမာ့တပ်မတော် တောင်သူများထံမှ စပါးလု

Written By လွင့်မောင်မောင် on Thursday, November 15, 2012 | 7:16 PM

ရခိုင်ပြည်နယ် အခြေစိုက် ဗမာ့တပ်မတော်မှ တပ်ရင်း တစ်ခုသည် အင်အားသုံးပြီး ရခိုင်တောင်သူ လယ်သမားများထံမှ စပါးများကို လုယူနေသည်ဟု သတင်း ရရှိသည်။

“ တပ်ရင်း ၅၃၉ က တပ်သား ၂၀ ခန့်နဲ့  ပြောက်ကျားစခန်းကို ၀င်သိမ်းသလိုမျိုး လက်နက်တွေကို ကျည်ထိုးပြီး ကျွန်တော်တို့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်တွေကို တက်လာပါတယ်။ တစ်ကနေ တဆယ်ထိ ရေတွက်မယ်။ အဲဒီ အချိန်အတွင်းမှာ လယ်တွေက မထွက်ဘူးဆိုရင် မင်းတို့ကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ လယ်တွေကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ လယ်တွေက စပါးတွေကို စစ်တပ်က တက်ပြီး ရိတ်သိမ်းပါတယ်” ဟု အမည်မဖေါ်လိုသူ ပြိန်းချောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
နာမည် ဖေါ်ထုတ် ပြောဆိုပါက စစ်တပ်က ပြဿနာရှာပြီး ဖမ်းဆီးရိုက်နက်မူများ ပြုလုပ်လာနိုင်သဖြင့် နာမည်ကို မဖေါ်ပြရန် ဒေသခံ လယ်သမားက မေတ္တာရပ်ခံ ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာမှ ဦး မောင်ရွေလှ အပါအ၀င် လယ်သမား ၂၈ ဦး ထွန်ယက် စိုက်ပျိုးထားသော လယ်ဧက ၁၂၀ ကို ကျောက်တော် အခြေစိုက် အမှတ် ၅၃၉ တပ်ရင်းမှ သူတို့ပိုင် လယ်များ ဖြစ်သည်ဟု ဆိုကာ စစ်သားများဖြင့် သေနတ်များ ကျည်ထိုး ချိန်ရွယ် တက်လာပြီး  လယ်တဲများရှိ လယ်သမားများကို နှင်ထုတ်၍ မှည့်နေသော စပါးများကို ရိတ်သိမ်းနေသည်ဟု သူ၏ အပြောအရ သိရသည်။
“ ဒီနေ့လည်း ရိတ်သိမ်းနေပါတယ်။ နိုဝင်္ဘာလ ၁၁ ရက်နေ့ကနေ စပြီး ရိတ်နေတာပါ။ တပ်ရင်း ၅၃၉ က ဗိုလ်ဗညားဝင် ဦးဆောင်ပြီး လက်နက်ကိုင် စစ်သား ၂၀ ခန့််ပါတယ်။ သူတို့က လုံခြုံရေးယူထားပြီး  တပ်သား ၂၀၊ ရဲမေ ၃၀ (စုစုပေါင်း)  လူအင်အား ၅၀ နဲ့ စပါးတွေကို ရိတ်ယူနေပါတယ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုတဲ့ တပ်မတော်က ခုလို လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုံးဝ နားမလည်အောင် ဖြစ်နေပါတယ်″ ဟု လယ်သမားက ဆက်ပြောသည်။
၎င်းပြင် အနီးအနားရှိ လယ်တဲများမှ လယ်သမားများကိုလည်း နှင်ထုတ်ကာ လယ်တဲများတွင်  ရိတ်သိမ်း စုပုံထားသော စပါး ကောက်လိုင်းများကိုလည်း သိမ်းယူနေပြီး ထော်လာဂျီများဖြင့် တပ်ရင်းသို့ ပို့ဆောင်နေသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးစောငြိမ်းအား ဆက်သွယ် မေးမြန်းကြည့်ရာ ပြိန်းချောင်းကျေးရွာတွင် တပ်မတော်မှ ပြည်သူများပိုင် လယ်မြေများမှ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်းမှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားသည်။
“ အဲဒီ လယ်တွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ပါ။ အဲဒီမှာ တပ်ရင်း ၅၃၉ တည်ဆောက်မယ် ဆိုတဲ့ အတွက် စစ်တပ်က လယ်သမားတွေပိုင် ဧက ၆၀၀ ကို လယ်သမားတွေဆီက သိမ်းယူသွားခဲ့ပါပြီ။ အဲသလို အသိမ်းခံရတဲ့ နောက်ပိုင်းမှာ လုပ်ကိုင် စားသောက်စရာ လယ်တွေ မရှိတော့တဲ့ အတွက် အနီးအနားက တောတောင် ချိုင့်ဝှမ်းတွေကို ခုတ်ထွင်ပြီး လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လုပ်ကိုင် စားသောက်ကြပါ ဆိုပြီး ခွင့်ပြုပေးတဲ့ အတွက် လယ်သမားတွေက ထွန်ယက်စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အခု စပါးမှည့်လာတော့ စစ်တပ်က လာပြီး သူတို့ပိုင် မြေတွေ ဖြစ်တယ်ဆိုပြီး စပါးတွေကို တက်ရောက် ရိတ်သိမ်းတာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ရှင်းပြသည်။
လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရာတွင် လူအား၊ ငွေအား အရင်းအနှီး စိုက်ထုတ် အသုံးပြုထားရပြီး စပါးမှည့်သောအခါမှ စစ်တပ်က အတင်း ၀င်ရောက် ရိတ်သိမ်းသဖြင့် အထူး ထိခိုက် နစ်နာမူများ ဖြစ်ပေါ်နေကြောင်း သူက ဆက်ပြောသည်။
လုပ်ကိုင်စားသောက်စရာမရှိဖြစ်နေကြသော ရခိုင် ပြည်သူများအား  နောက်တဖန် စစ်တပ်က အနိုင်ကျင့်နေမူကြောင့် ဒေသအတွင်းရှိ လယ်သမားများမှာ အထူး အခက်ကြုံနေကြရသည်ဟု သိရသည်။
 နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template