၁၉၆ဝ ခုနှစ်များက နိုင်ငံရေး သိပ္ပံပညာ ဆည်းပူးခဲ့သော Lady Shri Ram
အမျိုးသမီး ကောလိပ်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် သွားရောက် လည်ပတ်ခဲ့သည်။
ကြိုတင် ရေးသား
ထားသော စာရွက်မပါပဲ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့ရာတွင်
“ဒီစင်မြင့်ဟာ တခါက ကျမ စကားတွေ တက်ပြောခဲ့၊ သီချင်းတွေ တက်ဆိုခဲ့၊
ပြဇာတ်တွေ တက်ကပြခဲ့တဲ့ စင်မြင့်ပါပဲ။ ကျမ ဒီကျောင်းကို ပြန်ရောက် ရတာဟာ
အိမ်ကို ပြန်ရောက်လာရုံတင် မကဘဲ ပျော်ရွှင်မှုနဲ့ ချစ်မေတ္တာတွေဆီကို
ရောက်ရသလိုပါပဲ” ဟု ခံစားချက်ကို ပြောဆိုသည်။
ငြိမ်းချမ်းရေး
နိုဘယ်ဆုရှင် တဦးဖြစ်သွားသည့် ကျောင်းသူဟောင်းကို မိခင်ကျောင်းတော်ကြီးက
ဂုဏ်ပြု ကြိုဆိုကြရာတွင် လက်ရှိ နိုင်ငံရေးသိပ္ပံ ကျောင်းသူလေးများက
‘ဒေါ်အောင်ဆန်းစုကြည်’ မြန်မာသီချင်းကို ဂီတာတလက်ဖြင့် သီဆို၍ ၎င်းတို့၏
ဂုဏ်ထူးဆောင် ကျောင်းသူဟောင်းကြီး ဝင်ရောက် အလာကို ကြိုဆို လိုက်ကြသည်။
ထို့နောက်
ကဗျာ့ကဝိကြီး ရာဗိဒြာနသ်တဂိုး၏ စာသားတချို့ဖြင့် ဖွဲ့သီထားသည့်
‘ထီးတည်းလျှောက်’ အမည်ရ သီချင်းကိုလည်း သီဆိုဂုဏ်ပြုခဲ့ကြပြန်သေးသည်။
“ကျမအနေနဲ့ ထီးတည်းလျှောက်ခြင်းထက် အတူလျှောက်ခြင်းကို ပိုလိုလားပါတယ်” လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
ပညာရေးဝန်ကြီး
Dr Shashi Tharoo ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုစကားပြောပြီး ကျောင်းအုပ်ကြီး
Dr Meenakshi Gopinath ကိုယ်တိုင် အခမ်းအနားမှူးလုပ်ကာ ကြိုဆိုကြသည်မှာ
ဖိတ်ကြားထားသည့် ဧည့်သည်ပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြ၍
ကျောင်းခန်းမကြီး ပြည့်လျှံနေသည်။
ကျောင်းသူမလေးများက ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်လိုက်တိုင်း ထကာထကာ လက်ခုပ်တီး
အော်ဟစ် ပျော်ရွှင်ကြသည်။
“အင်မတန်မှ စိတ်လှုပ်ရှားစရာပဲ။ အမေလည်း အရင်တုန်းက ကလေးလိုပဲ” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို
ဒေါ်စု ပြန်ဖြေသွားသည်။
မိန်းကလေး အတော်များများမှာ “ချောတဲ့” ဒေါ်စု၏ ခရမ်းနုရောင် ဝတ်စုံကိုလည်း အလွန်နှစ်သက်ကြသည်။
“သူ့
လူမှုအတွေးအခေါ်တွေ၊ သူ့ ပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေအပြင် ကျမကတော့ သူ
ချောတာကိုပါ အားကျလိုက်တာ။ ကျမသာ အသက် ၆ဝ အရွယ်ရောက်ရင် အဲလိုလေးပဲ
ဖြစ်ချင်လိုက်တာ” ဟု နိုင်ငံရေးသိပ္ပံ
ကျောင်းသူ တဦးက စိတ်လှုပ်ရှားစွာပြောသည်။
“ဂုဏ်ယူချက်ကတော့ စကားလုံးနဲ့တောင် မဖော်ပြတတ်တော့ဘူး။ တကယ်။ သူလာလည်တာလေ၊ သူလာနေ
စေချင်တာ။
ဒါပေမယ့် ရှင်တို့တိုင်းပြည်က သူ့ကို ပိုလိုအပ်နေတယ်မဟုတ်လား။ ကျမတို့
နားလည်ပါတယ်” ဟုလည်း ကုန်သွယ်စီးပွား ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။
၁၉၆၄
ခုနှစ်က ကျောင်းမဂ္ဂဇင်းတစောင်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့်
“တောထဲက ငှက်ငယ်လေး” ဝတ္တုတိုအား အရိပ်ပြ သရုပ်ဖော်ဖြင့် နောက်ခံဖတ်ကြားကာ
တင်ဆက်မှုတခု လုပ်ခဲ့သေးသည်။
သေသွားသည့် ငှက်ကလေးကို တောထဲ သွားမြှုပ်မည့် အဖိုးကို မြေးက မေးတော့ “ငှက်ဆိုတာ တောထဲမှာ
ပျော်တာ။ သေတော့လည်း တောထဲမှာ သေရမှ သေပျော်မှာပေါ့ကွဲ့” ဟူသော စာသားများ ပါဝင်သည်။
ကျောင်းတော်ဟောင်းကို ပြန်ရောက်ရသည်မှာ “အတိတ်ကို ပြန်သတိရတာမျိုးထက် အနာဂတ်ကိုလည်း
မျှော်လင့်ချက်တွေ
ရှိနေတယ်” ဟု မိန့်ခွန်းပြောသည့် နိုင်ငံရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးအမြင်ကိုလည်း ထည့်သွင်း
ပြောကြားသွားသေးသည်။
“နိုင်ငံရေးအလုပ်ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။
မူကို မဆုပ်ကိုင်နိုင်ဘူးဆိုရင် နိုင်ငံရေးဘဝကို စွန့်လွှတ် လိုက်ပါတော့။
…စေ့စပ်ညှိနှိုင်းတယ်ဆိုတာ အခြေခံမူတွေကို လိုချင်လို့ပဲဖြစ်တယ်။ …
အလုပ်လုပ်ဖို့က မရှိမဖြစ် လိုအပ်တယ်။… ဒီမှာ ရနေတဲ့
အခွင့်အရေးမျိုးတွေအတွက် ကျမတို့ဆီမှာက တိုက်နေရတုန်းပါ” ဟု ဆိုသည်။
ကျောင်းပရဝုဏ်အတွင်း
အမှတ်တရ “တရုတ်စကားပန်းပင်” စိုက်ပျိုးပေးခဲ့ပြီး
မြန်မာဒုက္ခသည်များနှင့်တွေ့ဆုံရန် Oxford Senior Secondary School နှင့်
Prospect Burma အလွတ်ပညာသင်ကျောင်းသို့ ထွက်ခွာသွားသည် အထိ သတင်းထောက်များ၊
ကင်မရာသမားများ တမြုံတမကြီးနှင့် ရှိတော့သည်။
နယူးဒေလီ (မဇ္ဈိမ)