Headlines News :
Home » » အစိုးရ သတင်းစာတိုက် မြေနေရာတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများအပေါ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲခြင်းမှ အစပြုခဲ့သည့် ၀ဲကြီးကျေးရွာ ပြဿနာတွင် အာဏာပိုင်များ၏ အရေးယူ ကိုင်တွယ်မှုကို ဝေဖန်မှုများ ရှိနေ

အစိုးရ သတင်းစာတိုက် မြေနေရာတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများအပေါ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲခြင်းမှ အစပြုခဲ့သည့် ၀ဲကြီးကျေးရွာ ပြဿနာတွင် အာဏာပိုင်များ၏ အရေးယူ ကိုင်တွယ်မှုကို ဝေဖန်မှုများ ရှိနေ

Written By လွင့်မောင်မောင် on Wednesday, September 25, 2013 | 9:45 AM

အစိုးရ သတင်းစာတိုက်အတွက် သိမ်းဆည်းထားသော မြေနေရာတွင် ၀ဲကြီးကျေးရွာမှ ရွာသားများက ၀င်ရောက်ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းအား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲခြင်းမှ အစပြုပြီး ညဥ့်အချိန်မတော် ၀င်ရောက်ဖမ်းဆီးခဲ့သည့် အာဏာပိုင်များ၏ အရေးယူ ကိုင်တွယ်မှုအပေါ် တရားရေး နယ်ပယ်မှ ကျွမ်းကျင်သူများက ဝေဖန်ခဲ့ကြသည်။

၂၀၀၃-၀၄ ခုနှစ်တွင် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းစာတိုက်နှင့် ပုံနှိပ်စက်အတွက် ၀ဲကြီးကျေးရွာသူ ရွာသားများ ပိုင်ဆိုင်သော မြေဧက ၅၀၀ ကျော်အား သိမ်းယူခဲ့သည်။ ၂၀၀၉-၁၀ ခုနှစ်တွင် တောင်သူ ၂၂ ဦးကို လျော်ကြေးပေးခဲ့ပြီး ၃၈ ဦးအတွက် လျော်ကြေးပေးရန် ကျန်နေခဲ့ကြောင်း သိရသည်။ ရွာသားများ၏ ပြောဆိုချက်အရ ပြန်ကြားရေး ၀န်ကြီးဌာနသည် ကာလပေါက်ဈေးထက် လျော့နည်းပြီး ပေးလျော်ခြင်းကြောင့် လက်မခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်တွင် ၀ဲကြီးကျေးရွာမှ တောင်သူများက ပြန်ကြားရေး ၀န်ကြီးဌာနက သိမ်းယူခဲ့သော်လည်း မည်သည့်လုပ်ငန်းမှ လုပ်ဆောင်ခြင်း မရှိဘဲ မြေလွတ်မြေရိုင်းသဖွယ် ဖြစ်နေသော မြေနေရာတွင် ၀င်ရောက်ကာ ထွန်ယက်ခြင်းများ ပြုလုပ်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာ ၁၅ ရက်တွင် ထွန်းတုံးတိုက်ပွဲ ဆင်နွှဲမှုနှင့် ပတ်သက်ပြီး ရွာသားခြောက်ဦးအား ရွှေတွင်းကုန်း ရဲစခန်းက ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးသို့ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီ အရောက်လာရန် ဆင့်ခေါ်ခဲ့သည်။ ထို့နေ့က မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရွာသားများ သွားရောက်နိုင်ခဲ့ခြင်း မရှိဘဲ စက်တင်ဘာ ၁၇ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ သိမ်းယူခဲ့သော မြေယာများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူ ၀ဲကြီးရွာသား ဦးခင်မောင်တင့်အပေါ် အသံချဲ့စက် ပုဒ်မဖြင့် ပုဗ္ဗသီရိ တရားရုံးတွင် တရားစွဲဆိုထားမှုအား သွားရောက်နားထောင်စဉ် ရွာသား ၂၈ ဦးကို ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက် ညပိုင်း (၁၉ ရက် နံနက်အစောပိုင်း) အချိန်တွင် ၀ဲကြီးကျေးရွာ အတွင်းသို့ ၀င်ရောက်ကာ ရွာသားများအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် နံနက်အစောပိုင်း ၀င်ရောက်ဖမ်းဆီးချိန်အထိ ရွာသားများ အနေဖြင့် ၎င်းတို့အား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားကြောင်း လုံးဝမသိရှိ ခဲ့ရဘဲ ရွာအတွင်းသို့ အင်အားဖြင့် ၀င်ရောက်ဖမ်းဆီးခြင်းကြောင့် နှစ်ဖက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးမှသာ အဆိုပါ ပုဒ်မဖြင့် အမှုဖွင့်ထားခြင်း ခံရသည်ဆိုခြင်းကို သိရကြောင်း ရွာသားများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက ၀ဲကြီးကျေးရွာ အတွင်းသို့ ၀င်ရောက်ဖမ်းဆီးရာတွင် ပထမဆုံး အဖမ်းခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုဇော်လတ်က "စက်တင်ဘာ ၁၅ ရက်မှာ ရွာသားခြောက်ဦးကို ယူကလစ်ပင် ခုတ်မှုနဲ့ ရွှေတွင်းကုန်း ရဲစခန်းက ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးကိုလာဖို့ ဆင့်ခေါ်တယ်။ ဆင့်စာမှာ ကျွန်တော်မပါဘူး။ ဘာပုဒ်မနဲ့ စွဲတယ်ဆိုတာလည်း မသိရဘူး။ ၁၆ ရက်က မိုးတွေရွာလို့ အဆင့်ခံရသူတွေ ခေတ်အေးကို မသွားနိုင်ခဲ့ဘူး။ ၁၇ ရက်ကို ခင်မောင်တင့် ရုံးချိန်းကို သွားနားထောင်ချိန်မှာ ၀ိုင်းပြီးဖမ်းတော့လည်း ၆ (၁) နဲ့ စွဲထားတယ်ဆိုတာ မသိရဘူး။ ၁၉ ရက် မနက် ၂ နာရီလောက် ကျွန်တော့်ကို အိမ်ပေါ်အထိ တက်ဖမ်းတော့လည်း ဧည့်စာရင်း စစ်တယ်ပြောပြီး ဖမ်းတာပါ။ ရဲငါးယောက်လောက်က ၀ိုင်းချုပ်ပြီး လက်ထိပ်ခတ်ဖမ်းတာပါ။ နောက်မှ ၆ (၁) နဲ့ ဖမ်းတယ်လို့ သိရတယ်။ လယ်ယာမြေ ကိစ္စတွေကို ဦးဆောင်တယ်ဆိုပြီး ကျွန်တော့်ကို မဲဖမ်းတာပါ" ဟု ဆိုသည်။

ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က "သာမန်အားဖြင့် မြေကိုဝင်ထွန်တဲ့အခါ ၄၄၇ နဲ့ တရားစွဲကြတာ များတယ်။ ဒီတစ်ခါတော့ ၆(၁)နဲ့ စွဲတယ်။ အကြောင်းပြချက်ကတော့ ယူကလစ်ပင်တွေ ပါတဲ့အပေါ်မှာပေါ့ဗျာ။ စွဲတဲ့အခါကျတော့ ပထမဆုံး ရဲစခန်းတွေက ဆင့်တယ်။ ဆင့်တာက ပုဒ်မတွေ မပါဘဲ ဒီအတိုင်းဆင့်တာ။ ရုံးရောက်မှ အာမခံမရတဲ့ ပုဒ်မ ၆ (၁)နဲ့ဆိုတော့ ရုန်းရုန်းနဲ့ ပြန်ဆင်းသွားကြတယ် ခင်ဗျ။ အစကတည်းက ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ရိုးလည်း မရိုးသားဘူး။ ထွက်ပြေးတဲ့ အပေါ်မှာ တာဝန်အရ ဖမ်းမယ်ဆိုတာမျိုး သူတို့ဆီမှာ ပေါ်လာပါလိမ့်မယ်။ ဖမ်းတဲ့ အခါကျတော့ မလွတ်အောင်ဆိုပြီး ည၀င်ဖမ်းမယ်ဆိုတာမျိုး လုပ်တာ။ အခု လတ်တလောမှာ ရဲကနေပြီးတော့ ဖမ်းတယ်ဆီးတယ်ဆိုရင် ညကြီးမှာ လုပ်တာများပြီ။ လက်ပံတောင်းမှာလည်း ည၀င်ဖမ်းတာပဲ။ ပွင့်ပွင့်လင်းလင်း လူတစ်ယောက်ကို အပြစ်ရှိလို့ ဖမ်းတယ်။ ဘာအပြစ်ရှိလို့၊ ဘယ်လိုစွဲထားတယ်၊ သက်ဆိုင်ရာ လူကြီးကတစ်ဆင့် ဆင့်ခေါ်ပြီး ခေါ်သွားရမှာ။ အခုဟာက သူခိုးဝင်သလို၊ ဓားပြ၀င်သလိုပဲ။ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းဆိုတဲ့ အက်ဥပဒေမှာရော၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာရော ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီဘူး။ နောက်တစ်ခုက လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ဆိုရင် ပိုပြီးတောင် မကိုက်ညီဘူး။ သူတို့လို ဥပဒေကို ထိန်းသိမ်းပေးတဲ့ အဖွဲ့အစည်း အင်အားစုတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ တော်တော်သင်ပေးဖို့ လိုလိမ့်မယ် ထင်တယ်" ဟု ပြောကြားသည်။

အလားတူ ပျဉ်းမနားမြို့ခံ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးခင်မောင်ညိုကလည်း "ပ.ပ.က ၆ (၁) အမှုနဲ့ ပတ်သက်လို့ အင်အားသုံးပြီး ဖမ်းဆီးတာကို ပကတိ အရေးကြီးတဲ့ အမှုလို့ ပြောလို့မရပါဘူး။ ဖမ်းဆီးမယ် ဆိုရင်လည်း မြင်မြင်ထင်ထင်မှာ လုပ်ဖို့သင့်တယ်။ ဖမ်းဆီးမယ် ဆိုရင်လည်း သက်ဆိုင်ရာ ကျေးရွာအာဏာပိုင်ကို အသိပေးပြီး ကျေးရွာအာဏာပိုင်ပါ လိုက်ပါဆောင်ရွက် သင့်ပါတယ်။ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ ၁ အမှုတွေထဲမှာ ဒီလိုမျိုး အင်အားသုံးပြီး ဖမ်းဆီးတယ်ဆိုတာ နှစ်ပေါင်း ၃၀ အတွင်းမှာ မကြားဖူး၊ မတွေ့ဖူး၊ မကြုံဖူးပါဘူး" ဟု ဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီကလည်း "ပုဒ်မ ၆(၁)နဲ့ ဖမ်းတယ်ဆိုရင် တိကျခိုင်မာတဲ့ တိုင်ချက်ရှိရမယ်။ အခု ဖမ်းသလိုမျိုး အချိန်မဟုတ် အခါမဟုတ် ဖမ်းတာမျိုး လုပ်ခွင့်မရှိဘူး။ မနက် ၆ နာရီကနေ ညနေ ၆ နာရီ အကြားမှာပဲ ဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးတာမျိုးပဲ လုပ်ရမယ်။ ပြီးတော့ ပုဒ်မ ၆ (၁)နဲ့ အရေးယူခံရတဲ့ တရားခံက ထွက်ပြေးတိမ်းရှောင် နေတာမျိုးဆိုမှ ရိုက်နှက်ဖမ်းဆီးရမယ်။ ကျိန်းသေပေါက် ရွာထဲမှာ အတည်တကျနေတဲ့ သူမျိုးကို အကြမ်းဖက် စီးနင်းဖမ်းဆီးတာ လုပ်ခွင့်မရှိဘူး" ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတော့ မတက်လာသေးဘူး။ ဒီအမှုက ရဲအရေးပိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ကြိုက်တဲ့အချိန်မှာ ကျူးလွန်တဲ့သူကို ၀င်ဖမ်းလို့ရတယ်။ ၀င်ဖမ်းတဲ့ အခါမှာ ဒေသခံ အချို့က ပြန်ပြီးခုခံ တိုက်ခိုက်တဲ့အတွက် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ပဲ အမှုဖွင့် အရေးယူထားပါတယ်။ ကျန်တဲ့ ပုဒ်မတွေနဲ့ အရေးယူဖို့ အစီအစဉ် မရှိပါဘူး" ဟု စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်အား ဆက်သွယ်မေးမြန်းရာ ၎င်းက "သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ရဲချုပ်တို့ကို စာနဲ့တိုက်ရိုက် မေးမြန်းဖို့ ရှိပါတယ်။ ကျွန်တော်တို့ဘက်က သက်ဆိုင်ရာ ခရိုင်ရဲမှူးဆီကို ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း သွားရောက်ဆက်သွယ် ပါတယ်။ နာရီနဲ့ချီ စောင့်ခိုင်းထားပြီးမှ အပြင်ထွက်သွားပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ကျွန်တော်တို့က ပြေလည်စေချင်တဲ့ ဆန္ဒနဲ့ သွားရောက်ညှိနှိုင်းပြီး ကြားဝင်စေ့စပ် ပေးချင်တာပါ။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေ ဘယ်သူမှ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ မကြီးထွားရအောင် ကူညီဆောင်ရွက် ချင်ပေမယ့် အချို့အဆင့်များက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးအဆင့်အထိ ဆက်သွယ်မေးမြန်း သွားပါမယ်" ဟု ပြောကြားသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template