Headlines News :
Home » , » ဇောတိက စီမံကိန်းမှ ဓာတ်ငွေ့ဖြင့် ထားဝယ်ဒေသအတွက် ၆၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ ရှစ်လအတွင်း အပြီးသတ် တည်ဆောက်ရန် ခွင့်ပြုချက် တောင်းခံထား

ဇောတိက စီမံကိန်းမှ ဓာတ်ငွေ့ဖြင့် ထားဝယ်ဒေသအတွက် ၆၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ ရှစ်လအတွင်း အပြီးသတ် တည်ဆောက်ရန် ခွင့်ပြုချက် တောင်းခံထား

Written By လွင့်မောင်မောင် on Sunday, September 22, 2013 | 9:31 AM

(ကံပေါက်ဒေသရှိ စီမံကိန်း တည်ဆောက်မည့် ဧရိယာအား စက်တင်ဘာလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်))
 တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ကနဦး အနေဖြင့် မဂ္ဂါဝပ် ၆၀ ဓာတ်အားပေး စက်ရုံကို ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ခွင့်ပြုချက် ရရှိပါက ထားဝယ်ဒေသအတွက် ဦးစားပေး အနေဖြင့် ရှစ်လအတွင်း တည်ဆောက်၍ လျှပ်စစ်ဓာတ်အား စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း စီမံကိန်း ဆောင်ရွက်မည့် Admin Power & Utility Co;Ltd မှ တာဝန်ရှိသူများက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာ အဖွဲ့သည် စီမံကိန်းအတွက် Transmittion Line တည်ဆောက်ရန်နှင့် စက်ရုံတည်ဆောက်မည့် ဧရိယာ ၀န်းကျင်ကို ကြည့်ရှုရန် ထိုင်းနိုင်ငံမှ ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး စီမံကိန်း လမ်းကြောင်းတစ်လျှောက် လိုက်လံကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံပြီး စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ Admin Power & Utility Co;Ltd အနေနဲ့ ကံပေါက်ဒေသမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်ဖို့အတွက် ပဏာမ စူးစမ်းလေ့လာဖို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ MoU လက်မှတ် ရေးထိုးထားပါတယ်။ ပဏာမ စူးစမ်းလေ့လာမှု လုပ်နေတာ အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ပါပြီ။ ဓာတ်ငွေ့ရရှိမှု အခြေအနေ အရတော့ မဂ္ဂါဝပ် ၅၀၀ လျှပ်စစ် ထုတ်လို့ရပါတယ်။ မဂ္ဂါဝပ် ၅၀၀ အတွက် ဆောက်မယ်ဆိုရင် ဓာတ်အားလိုင်းနဲ့ စက်ရုံတည်ဆောက်ဖို့ အချိန်ကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် တနသာင်္ရီတိုင်း ဒေသကြီးအတွက် အကျိုးရှိအောင် လာမယ့် ၂၀၁၄ မတ်လလောက်မှာ ဂက်စ်ကစပြီးရမှာ ဖြစ်တဲ့အတွက် အဲဒီဂက်စ်တွေ အလဟဿ မဖြစ်အောင် မဂ္ဂါဝပ် ၆၀ ထုတ်နိုင်တဲ့ စက်တစ်လုံးကို အမြန်ဆုံး တည်ဆောက်ပါ့မယ်။ တစ်ပြိုင်တည်းပဲ ကံပေါက်-ထားဝယ် 230 KVA မဟာဓာတ်အားလိုင်းကို ဆွဲမှာဖြစ်ပါတယ်။ မဂ္ဂါဝပ် ၆၀ စက်ရုံနဲ့  230 KVA မဟာဓာတ်အားလိုင်း တည်ဆောက်ဖို့ အချိန်ရှစ်လ ကြာမြင့်မှာ ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၆၀ စက်ကိုလည်း ၀ယ်ထားပြီးပါပြီ" ဟု ပြောကြားသွားခဲ့သည်။

အဆိုပါ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား စတင်တည်ဆောက်နိုင်ရန် ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့များမှ ခွင့်ပြုချက် ရရှိရန် တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက ချက်ချင်းဆောင်ရွက်သွားနိုင်ရန် လိုအပ်သည့် စက်ကရိယာများ အဆင့်သင့်ဖြစ်ကြောင်း သိရသည်။

မီဒီယာများမှ စီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် "ဒီမဟာ ဓာတ်အားလိုင်းက ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း အတွက်လည်း ပေးနိုင်မှာပါ။ ထွက်လာတဲ့ လျှပ်စစ်အားလုံးကို လျှပ်စစ်ဝန်ကြီး ဌာနကိုပဲ ပေးမှာပါ။ ၆၀ ထွက်ရင် ၆၀၊ ၅၀၀ ထွက်ရင် ၅၀၀ စလုံး ပေးမှာပါ။ လျှပ်စစ်ဝန်ကြီးဌာနက လိုအပ်တဲ့ နေရာတွေကို ပြန်ဖြန့်ပေးမှာပါ။ အခုလောလောဆယ်လုပ်မယ့် ကံပေါက်-ထားဝယ် မဟာဓာတ်အားလိုင်း ပြီးသွားရင် ဒီလိုင်းအနီးမှာရှိတဲ့ နေရာအားလုံးကို မီးပေးနိုင်ဖို့ အဆင်သင့်ပါပဲ။ တစ်ယူနစ်နှုန်းထားကလည်း လျှပ်စစ်ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားပါပဲ။ ကျွန်တော်တို့ အနေနဲ့ ထုတ်လုပ်တဲ့ အပိုင်းကိုပဲ လုပ်မှာပါ။ ဖြန့်ဖြူးရေးနဲ့ သယ်ဆောင်ရေး အပိုင်းကို ကျွန်တော်တို့ မသိပါဘူး။ ဒါကတော့ နိုင်ငံတော်ရဲ့မူနဲ့ ဒီကအစိုးရ အဖွဲ့ရဲ့ မူအတိုင်းပဲ ဖြစ်မှာပါ" ဟု ELEVEN MEDIA GROUP ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

"ဒီစီမံကိန်းအတွက် ခွင့်ပြုချက် အမြန်ဆုံးရဖို့ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနကို တိုက်တွန်းရပါမယ်။ ရခိုင်ဘက်မှာ ရွှေဂက်စ်ကနေ အစိုးရနှုန်းထားနဲ့ လျှပ်စစ်ရနေတော့ ဒီကပြည်သူတွေလည်း လိုချင်နေကြတာ ကြားရပါတယ်။ သို့သော်လည်း MIC ပြန်တင်တာတွေကို ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကုမ္ပဏီဘက်က ရှစ်လအတွင်းမှာ ပြီးအောင်လုပ်နိုင်တယ် ပြောပေမယ့် paper work သာ စောစောပြီးရင် လေးလလောက်နဲ့လည်း သူတို့လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ရခိုင်မှာပေးတဲ့ နှုန်းထားအတိုင်း ဒီမှာပေးနိုင်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရကလည်း ကျောသားရင်သား ခွဲခြားမှာ မဟုတ်ပါဘူး။ ရခိုင်မှာ ၃၅ ကျပ်ဆိုရင် ထားဝယ်မှာလည်း ၃၅ ကျပ်ပဲ ဖြစ်မှာပါ။ မီးသာရရင် ဒီဘက်ကို စီးပွားရေး လုပ်ငန်းတွေ တိုးလာမှာပဲ။ ကံပေါက်-ထားဝယ် မဟာဓာတ်အားလိုင်းအတွက် ရေး-ထားဝယ် ကားလမ်းတစ်လျှောက်မှာ အရင်က ထောင်ထားတဲ့ ဓာတ်တိုင်တွေကိုပဲ အသုံးပြုမှာပါ။ စီမံကိန်းအတွက် MoU ပဲ ထိုးရသေးတယ်။ MoA ထိုးပြီးတော့မှ အားလုံးလုပ်ငန်း လည်ပတ်နိုင်မှာပါ။ သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာ အရင်တင်မယ်။ ဂက်စ်ကလည်း မတ်လလောက်မှ ရမယ်ဆိုတော့ အဲဒီအချိန်လောက်မှ စနိုင်မယ်။ ဒီမတိုင်ခင်မှာ paper work တွေ အရင်ပြီးဖို့ လိုတယ်။ ဂက်စ်က ဒီမှာအဆင်သင့် ရှိပြီးသားဆိုတော့ စက်ရုံတွေ ဆောက်ဖို့ပဲ လိုတယ်၊ စက်တွေလည်း ၀ယ်ထားပြီးသားဆိုတော့ ဆက်လုပ်ရမယ့် လုပ်ငန်းက ခဏလေးပဲ" ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေက ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထားဝယ်မြို့မှ မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ ကံပေါက်ဒေသတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်တွင် မဂ္ဂါဝပ် ၁၈၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၄ ဇန်န၀ါရီမှ ၂၀၁၅ ဇန်န၀ါရီအထိ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၁၈၀ စက်ရုံကို ၂၀၁၄ ဇူလိုင်မှ ၂၀၁၅ ဇူလိုင်အထိ၊ တတိယ အဆင့်တွင် မဂ္ဂါဝပ် ၁၆၀ စက်ရုံကို ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဒီဇင်ဘာလအထိ သတ်မှတ်ထားကြောင်း သိရသည်။ စီမံကိန်းကာလ တစ်ခုမှာ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး သတ်မှတ်ချိန်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးသည် အမျိုးသား မဟာဓာတ်အားလိုင်း မရောက်ရှိသော နေရာဖြစ်သဖြင့် ဒေသခံများမှာ ပုဂ္ဂလိက လျှပ်စစ်ပေးဝေရေး ကုမ္ပဏီ တစ်ခုဖြစ်သော ဖိုးသီးချို ကုမ္ပဏီမှ တစ်ယူနစ်လျှင် ကျပ် ၄၆၀ ခန့်ဖြင့် လျှပ်စစ်ဓာတ်အားကို ဈေးကြီးပေး၍ ၀ယ်ယူအသုံးပြု နေကြရကြောင်း သိရသည်။ ထားဝယ်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် တစ်နေ့လျှပ်စစ် အသုံးပြုမှု နှုန်းထားမှာ လက်ရှိအခြေအနေတွင် နှစ်မဂ္ဂါဝပ်မျှသာရှိပြီး လျှပ်စစ်ဈေးနှုန်း သက်သာပါက သုံးစွဲမှု မြင့်တက်လာနိုင်ကြောင်း သိရသည်။

မဂ္ဂါဝပ် ၅၀၀ စီမံကိန်း တည်ဆောက်မည့် Admin Power & Utility Co;Ltd မှာ ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ကံပေါက်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း ဆောင်ရွက်နေသော PTTEP ကုမ္ပဏီမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ 100 MMSCFD (Million Standard Cubic/Day) ပေးပို့မည် ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိပြီး ထားဝယ်ခရိုင်တွင် (မဂ္ဂါဝပ် ၅၀၀)ကံပေါက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို Admin Power & Utility Co;Ltd၊ (၂၀၀ မဂ္ဂါဝပ်) လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (တောင်သုံးလုံး)စီမံကိန်းကို Zeya & Associates Co;ltd၊ မြိတ်ခရိုင်တွင် (မဂ္ဂါဝပ် ၅၀)ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီ၊ ကော့သောင်းခရိုင်တွင် (၈ မဂ္ဂါဝပ်) ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သန်းဖြိုးသူ သတ္တုလုပ်ငန်း ကုမ္ပဏီနှင့် (၅၀၀ မဂ္ဂါဝပ်)ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (ဘုတ်ပြင်း)ကို ၂၄ နာရီ သတ္တုနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီတို့မှ ဆောက်လုပ်ရန် စီစဉ်လျက် ရှိသည်။ ထို့ပြင် ၎င်းစီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မော်လမြိုင်ရှိ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး အမျိုးသား မဟာဓာတ်အားလိုင်းပေါ်သို့ တင်ပို့ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template