၂၀၁၂
ခုနှစ် အောက်တိုဘာလ အတွင်းက ဒုတိယ အကြိမ်ဖြစ်ပွားခဲ့သည့် ရခိုင်
ပဋိပက္ခနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ မြောက်ဦးမြို့နယ်သား အချို့ကို
ယနေ့တွင် စစ်တွေခရိုင် တရားရုံးမှ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု
သိရသည်။
မြောက်ဦးမြို့နယ် ယိုင်သည် မူဆလင်ရွာ တိုက်ခိုက်မူနှင့် ပတ်သက်ပြီး
ဖမ်းဆီးခံထားရသူ ရခိုင် အမျိုးသား ၈ ဦးရှိပြီး ထိုအထဲမှ ၅ ဦးကို
တရားသေလွတ်ကာ ကျန် ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း
သူတို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။
“ယိုင်သည်ရွာ အရေးကိစ္စနဲ့ပတ်သက်ပြီး ဇော်မိုးထွန်းပါ ၇ ဦးကို
လူသတ်မှုနဲ့ တရားစွဲတယ်။ နောက်ထပ် ဇော်မိုးထွန်းပါ ၈ ဦးကို မီးရှို့မှုနဲ့
တစ်မှု ထပ်စွဲတယ်။ နှစ်မှုစီ ခွဲပြီး စွဲတယ်။ စစ်တွေခရိုင် တရားရုံးက ဒီကနေ့
အမူကို စီရင်ချက်ချတော့ ၅ ဦးကို တရားသေလွှတ်ပေးလိုက်တယ်။ ကျန် ၃ ဦးက
ထောင်ချခံရတယ်” ဟု ယင်းက ဆိုသည်။
နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူများမှာ မြောက်ဦးမြို့နယ်
သံရှည်ပြင်ကျေးရွာမှ မောင်သိန်းနဲ့ မောင်ကျော်လှိုင်တို့ ဖြစ်ပြီး သူတို့
(၂) ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု ဆိုသည်။
မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ကိုစောဖြူကို ပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်သည်ဟု သိရသည်။
တရားသေလွှတ်ပေးလိုက်သူများမှာ ဇော်မိုးထွန်း၊ ညီပုခေါ် ဇော်မင်းနိုင်၊ ဦးတင်လှ၊ ဦးအောင်ကျော်စိန်၊ ဦပြေသိန်းအောင်တို့ ဖြစ်ကြသည်။
သူတို့ ၈ ဦးကို စစ်တွေခရိုင် တရားရုံးမှ ယနေ့ (ဒီဇင်ဘာလ ၉ ရက်) ညနေ ၃ နာရီခန့်တွင် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ်
ယိုင်သည်ရွာအကြမ်းဖက် ပဋိပက္ခတွင် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ရသည်ဟု သိရသည်။
(နိရဉ္စရာ- ၉ ဒီဇင်ဘာ ၂၀၁၃) / မောင်အေး