
မန္တလေး၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ဝက်သေ ကျေးရွာတွင် သပိတ်စခန်းအောင်ပွဲ အဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ တို့တွင် အထူးတရားပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ကျေးရွာဒေသခံ များထံမှ သိရသည်။
ကျေးရွာမြေ ပြန်လည်ရရှိရေး အတွက် ဒေသခံ ၁၀၀ ဦးကျော်ခန့်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို ပိုင်ဆိုင်သော မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီရှေ့တွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ကစတင်ကာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒထုတ်ဖော်ကြရာ သုံးရက်ခန့် အကြာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ညတွင် မန္တလေးမြို့တော် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က ဟောကြားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် မိုးကုတ်မြို့ ရွှေဝါရောင်ဆရာတော်က ဟောကြားမည် ဖြစ်ကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။
"ဘုန်းကြီးတို့ ကတော့ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေ ဘက်ရော၊ ရွာသူ ရွာသားတွေ ဘက်ရော ပဋိပက္ခ မဖြစ်ရအောင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တာလေး ရအောင် ဝင်ရောက် ဖြေရှင်းပေးတဲ့ သဘောပါပဲ" ဟု တရားချီးမြှင့် ဟောကြားမည့် မန္တလေးမြို့တော် မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင် အရိယာဝံသာဘိဝံသက မိန့်ဆိုသည်။
ဝက်သေကျေးရွာ၌ ၂၀၁၁ ခုနှစ် တွင် ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် ကျေးရွာပိုင်မြေ ၁၅၅ ဒသမ ၃၆၃ ဧက အဖြစ် သတ်မှတ်ပေးခဲ့သည်။
အဆိုပါ သတ်မှတ်ပေးထားသော မြေဧရိယာ အတွင်းမှ ဧက ၄၀ ကျော်ကို ဂိုးဒင်းလ်ပွိုင့် ကုမ္ပဏီ၊ ဒို့ ညီနောင်ဖွား (ခေါ်) ဖြိုးအောင်သီရိကျော်၊ ဖော်လက် နှင့် ရွှေပြည်သာကုမ္ပဏီတို့က ၂၀၀၆ ခုနှစ်မှ စတင်ပြီး ရွှေတူးဖော်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်လာခဲ့ရာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် လုပ်ကိုင်ခွင့် သက်တမ်း ခုနစ်နှစ် ပြည့်ပြီဖြစ်သော်လည်း ဆက်လက်တူးဖော် ဆောင်ရွက်နေ ခြင်းကြောင့် ဝက်သေကျေးရွာ ဒေသခံများသည် ကျေးရွာဘောလုံးကွင်း အတွင်း ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
The Voice Weekly