ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ ထောက်လှမ်းရေးရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ
နှိပ်စက်ခံရပြီး သေဆုံးကြရပါတယ်။ တစ်ချို့ သေဆုံးသွားပြီဖြစ်ပေမယ့် သတင်းစာဆရာကြီး
ဟံသာဝတီ ဦးဝင်းတင်၊ လက်ရှိ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ကဗျာဆရာ ၀င်းတင့်ထွန်း
အပါအ၀င် ရက်ရက်စက်စက် လူမဆန်လောက်အောင် နှိပ်စက်ခံရတဲ့၊ ထောင်နဲ့ချီရှိမယ့်
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဒီကနေ့ထိ အသက်ရှင်နေတုန်း ဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေးရဲ့ ဆိုးရွားရက်စက် ယုတ်မာမှုတွေကို သက်သေ
အမြောက်အများနဲ့ ပြောပြနိုင်ကြပါတယ်။
စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်၊ ၁၀-၁၂-၁၃။ စာ – ၁၂။ (မှ ကူးယူ ဖော် ပြ ပါသည်)
ပြီးခဲ့တဲ့ရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ အရင် စစ်အစိုးရခေတ် နံပါတ်(၃) ခေါင်းဆောင်၊ စစ်ကောင်စီ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ စစ်ထောက်လှမ်းရေးမှူးချုပ် တာဝန်တွေ ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့ ပြောစကားတွေကို စုပေါင်းထားတဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲ သတင်းလည်း ပါပါတယ်။ လျှပ်တစ်ပြက်အယ်ဒီတာချုပ် မြတ်ခိုင်က ရေးသားတာဖြစ်ပြီး မိတ်ဆက်ပွဲကို ဇေကမ္ဘာဦးခင်ရွှေပိုင် ကရ၀ိတ်ဟော်တယ်မှာ ကျင်းပပါတယ်။ အဲဒီပွဲမှာ ကာယကံရှင် ဦးခင်ညွန့်ကိုယ်တိုင်နဲ့အတူ စစ်ဗိုလ်ဟောင်းတစ်ချို့၊ ပရိတ်သတ် တစ်ချို့နဲ့အတူ သိပ်မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ အရင်အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးလည်း တက်ရောက်တာ တွေ့ရပါတယ်။
နိုင်ငံရေး လုပ်မှာ မဟုတ်ပါဘူး ဆိုပြီး အကြိမ်ကြိမ်ပြောဆိုရင်း အင်တာဗျူးတွေ ဆက်တိုက်လုပ်ခဲ့တဲ့၊ လျှပ်တစ်ပြက်ဂျာနယ်မှာ ဆက်တိုက် ဖော်ပြပေးခြင်း ခံရတဲ့ ဦးခင်ညွန့်ဟာ ဒီ စာအုပ်ထုတ်ဝေနိုင်တာနဲ့ ပါတ်သက်ပြီး အလွန်အားရကျေနပ်မှု ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ စိတ်ဝင်စားမှုများတဲ့အတွက် ဦးခင်ညွန့် အင်တာဗျူး စာအုပ် ရောင်းရတယ်လို့လည်း စာအုပ်ဆိုင်တစ်ချို့က ဆိုပါတယ်။ ဦးခင်ညွန့်ဆိုတာ ဘယ်လို လူမျိုးလဲ၊ အခု အင်တာဗျူးတွေမှာ သူဘာတွေ ပြောခဲ့သလဲ၊ သူ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဦးခင်ညွန့်
ဦးခင်ညွန့်ဆိုတာ အရင် စစ်အာဏာရှင်ကြီး ဦးနေ၀င်းကိုယ်တိုင် ယုံကြည်စိတ်ချရပြီး ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ပေးခံရသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြတဲ့ အရေးအခင်းကို စစ်တပ်က အာဏာသိမ်း ဖြိုခွဲခဲ့တဲ့ ဖြစ်စဉ်မှာလည်း စစ်ကောင်စီ အတွင်းရေးမှူး(၁) အဖြစ် ဦးနေ၀င်းရဲ့ ယုံယုံကြည်ကြည် တာဝန်ပေးခြင်း ခံရသူဖြစ်သလို နောက်ဆုံး ဦးနေ၀င်း ကွယ်လွန်ချိန်အထိ သိစ္စာရှိခဲ့တဲ့ လူယုံတစ်လောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န၀တ၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖ အဖွဲ့တွေမှာ အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊ နောက်ပိုင်း နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူခဲ့တာတင်မက ပညာရေးကော်မတီလို ကော်မတီပေါင်းမြောက်များစွာမှာ တာဝန်ယူခဲ့တဲ့ စစ်အစိုးရရဲ့ သြဇာကြီးလှတဲ့ နံပါတ်(၃) ခေါင်းဆောင်ဖြစ်ပါတယ်။
အင်တာဗျူးတွေမှာ ဘာတွေပြောထားသလဲ
သူ့ရဲ့ အင်တာဗျူးပါ ပြောကြားချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ပထမ တစ်ချက်က လက်ရှိ စစ်ခေါင်းဆောင်တွေနဲ့ တိုင်းပြည်အာဏာရနေသူတွေဘက် လှည့်ပြီး ပြောတာနဲ့ ပြည်သူတွေဘက် လှည့်ပြီး ပြောတာ နှစ်ချက် ပါပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်တွေဘက် လှည့်ပြီး ပြောတာကတော့ သူ့ကို တည်ဆဲဥပဒေ ချိုးဖေါက်ပြီး ထောင်ချ၊ နေအိမ်အကျယ်ချုပ်ချ၊ သူ့သား၊ သမက် တွေ ဖမ်းဆီးခံရ၊ သူ့မြေးတွေလည်း သူနဲ့အတူ နေအိမ်အကျယ်ချုပ် အတူနေရ အဲလို အရေးယူမှုတွေ လုပ်ခဲ့ပေမယ့် သူ့အနေနဲ့ ဘယ်လိုမှ သဘောမထားတဲ့အကြောင်း၊ တည်ဆဲဥပဒေ ချိုးဖေါက်ခဲ့လို့ အရေးယူခံရတာပဲလို့ မှတ်ယူတဲ့အကြောင်း၊ သူဟာ စစ်သားဖြစ်တဲ့အတွက် အထက်အမိန့်ကို နာခံတတ်သူ တစ်ယောက် ဖြစ်တဲ့အကြောင်း၊ ဒီနေ့အချိန်အထိလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အကြောင်း ပြောဆိုတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ခြုံပြောရရင် ဒီနေ့အချိန်ထိ သူဟာ စစ်တပ်အပေါ်မှာ သစ္စာရှိနေတယ် ဆိုပြီး ပြောချင်တဲ့သဘောပါ။
ဒုတိယ တစ်ချက် ပြည်သူတွေဘက် လှည့်ပြီးပြောတာက သူနဲ့ စစ်ခေါင်းဆောင်တွေ လုပ်ခဲ့တာဟာ တိုင်းပြည်ကောင်းဖို့ အတွက်ပဲဖြစ်တဲ့အကြောင်း၊ တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့အကြောင်း၊ ဒီနေ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် ချီတက်နေတဲ့ လမ်းကြောင်းဟာလည်း သူနဲ့ စစ်ခေါင်းဆောင်တွေ ချခဲ့တဲ့ လမ်းကြောင်းပဲ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နောက်ဆုံးကုန်ကုန် သူနဲ့ စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့ ကိုင်ခဲ့တာတွေကလည်း မှန်ကန်တဲ့အကြောင်း၊ ထောက်လှမ်းရေးတွေဆိုတာ အထက်က ခိုင်းတာ လုပ်ရတဲ့အကြောင်း အဲဒါတွေပဲ ပြောခဲ့ပါတယ်။
တကယ့်အဖြစ်မှန်
တကယ်တော့ ၁၉၈၈ ကနေ ၂၀၁၁ အထိ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့ပါတယ်။ ဒါတင်မက စစ်ဗျူရိုကရေစီ စနစ်နဲ့ စစ်ထောက်လှမ်းရေး ခြေဖ၀ါးအောက် ကျရောက်ခဲ့ပြီး ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖေါက်မှု၊ အကြောက်တရား စတာတွေ လွှမ်းမိုးတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ပိုပြီး ထင်သာမြင်သာရှိတာကတော့ တိုင်းပြည် စီးပွားရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က ချွတ်ခြုံကျသွားခဲ့တာပါ။ ဘယ်အိမ်နီးချင်းနိုင်ငံတွေနဲ့မှ မတူ နိမ့်ပါးသွားခဲ့ရတာပါ။ ဒါတွေကို လက်ရှိ အာဏာပိုင်တွေကတောင် ၀န်ခံထားပြီးပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဝန်ခံပုံကတော့ “ စေတနာကောင်းပေမယ့် ရလာဒ် မကောင်းခဲ့ဖူး” ဆိုတဲ့ ၀န်ခံမှုမျိုးနဲ့ပါ။ ဘယ်လိုဖြစ်ဖြစ် တိုင်းပြည်ဒီလို ချွတ်ခြုံကျသွားတဲ့ ကိစ္စ တိုင်းပြည်မှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဒီ ခေါင်းဆောင်တွေမှ တာဝန်မရှိဘူးဆိုရင် ဘယ်သူတွေကများ တာဝန်ယူကြမလဲလို့ မေးကြဖို့ပဲ ရှိပါတယ်။ တိုင်းပြည်ပျက်စီးခဲ့တာနဲ့ ပါတ်သက်ရင် ဦးခင်ညွန့်ဟာ လက်ရှိ အာဏာပိုင်တွေလောက်တောင် ရိုးရိုးသားသား ၀န်ခံပြောဆိုမှု မရှိပါဘူး။
စစ်ထောက်လှမ်းရေး အကြီးအကဲ
စစ်အာဏာရှင်ခေတ် ဦးခင်ညွန့် တန်ခိုးထွားခဲ့ချိန် စစ်ထောက်လှမ်းရေးတွေ ဘာလုပ်ခဲ့ကြသလဲ ဆိုတာ အဲဒီခေတ် ဖြတ်သန်းခဲ့သူတိုင်း သိကြပါတယ်။ ကိုယ်တိုင်ကြုံဖူးတဲ့ သူတွေကတော့ အထူးဆိုဖွယ်ရာ မရှိပါဘူး။ ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ ထောက်လှမ်းရေးရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နှိပ်စက်ခံရပြီး သေဆုံးကြရပါတယ်။ တစ်ချို့ သေဆုံးသွားပြီဖြစ်ပေမယ့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ လက်ရှိ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ကဗျာဆရာ ၀င်းတင့်ထွန်း အပါအ၀င် ရက်ရက်စက်စက် လူမဆန်လောက်အောင် နှိပ်စက်ခံရတဲ့၊ ထောင်နဲ့ချီရှိမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဒီကနေ့ထိ အသက်ရှင်နေတုန်း ဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ ဆိုးရွားရက်စက် ယုတ်မာမှုတွေကို သက်သေ အမြောက်အများနဲ့ ပြောပြနိုင်ကြပါတယ်။ အဲဒီအတွက် တာဝန်အရှိဆုံး စစ်ထောက်လှမ်းရေး အကြီးအကဲ က သူတို့ ထောက်လှမ်းရေးတွေဟာ အထက်အမိန့် နဲ့ တာဝန်ပေးချက်အရ လုပ်ရတယ်၊ “ထောက်လှမ်းရေးတွေဆိုတာ ခေါ်စစ်ပြီး ထောင်ချတာပဲလေ” ဆိုပြီး ပေါ့ပေါ့လေး ပြောခဲ့တာကတော့ တိုင်းပြည်နဲ့ ပြည်သူတွေကို၊ သေဆုံးသွားခဲ့ပြီးသူတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို အားလုံးကို စော်ကားလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။
ပညာရေးကော်မတီ နာယက
နောက်တစ်ချက် အရေးကြီးတာ တစ်ခုက ဦးခင်ညွန့်ဟာ သူအာဏာရှင်ရှိစဉ်က ပညာရေးကော်မတီ နာယက တာဝန်ယူခဲ့ပြီး တိုင်းပြည် ပညာရေးကိစ္စတွေ စီမံခန့်ခွဲခဲ့ပါတယ်။ ဒီအတွက် မေးစရာ မေးခွန်းက ကျောင်းသားတွေကို ဖမ်းတာ ဆီးတာ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး မြို့ပြင်မှာ တက္ကသိုလ်တွေဆောက် ကျောင်းသားတွေကို မြို့ပြင် ပို့ပစ်တာ၊ အဆောင်စနစ် ဖျက်ဆီးပစ်တာ၊ ပညာရေး စနစ်တစ်ခုလုံး ကုန်းကောက်စရာ မရှိအောင် ဖျက်ဆီးပစ်တာတွေကိုရော ဘယ်သူတွေက ဦးဆောင်လုပ်ခဲ့တာပါလဲ။ လက်ရှိ တိုင်းပြည်ရဲ့ ပညာရေး အလွန့်အလွန် အောက်တန်းနောက်တန်းကျ ဖြစ်အောင် ဘယ်သူတွေက အကောင်အထည် ဖော်ခဲ့ပါသလဲ။ ဒါလည်း အထက်က ခိုင်းလို့ တက်တက်ကြွကြွ လုပ်ခဲ့တာပဲလား လို့ မေးရမလို ဖြစ်နေပါတယ်။ ဒီ့အပြင် တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ ကိစ္စတွေ အမြောက်အများရှိနေပါသေးတယ်။
ဘာရည်ရွယ်ချက်လဲ
အခု အင်တာဗျူးတွေမှာ ပြောဆိုတာတွေနဲ့ ပါတ်သက်ပြီး ဦးခင်ညွန့်မှာ ရည်ရွယ်ချက်နှစ်ခုပဲ ရှိပါတယ်။ တိုင်းပြည်မှာ စစ်တပ်က လုပ်တာ အမြဲမှန်တယ်၊ သူ့ကို ဘယ်လို အရေးယူခဲ့ ယူခဲ့ သူဟာ လက်ရှိ အချိန်ထိလည်း စစ်တပ်ကို ထောက်ခံမြဲ ထောက်ခံနေတယ် ဆိုတာက တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက သူလုပ်ခဲ့ကိုင်ခဲ့သမျှ အမှန်တွေချည်းပဲ ဖြစ်တယ်၊ အထက်က ခိုင်းလို့ လုပ်ရတယ်၊ ဒါကြောင့် စစ်ထောက်လှမ်းရေးက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဆန်တဲ့ လုပ်ရပ်တွေကအစ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်ရတာ အလယ် ဘာကိစ္စနဲ့မှ ဘယ်နိုင်ငံရေးသမား ဘယ်ပြည်သူတွေကိုမှ တောင်းပန်ဖို့ မရှိဘူး ဆိုတာပဲဖြစ်ပါတယ်။ ပြောရရင် ဦးခင်ညွန့်ရဲ့ အင်တာဗျူးတွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေကို လိမ်ညာဖို့၊ မျက်စေ့ကိုသဲနဲ့ပက်ဖို့ ကြိုးစားတဲ့ အင်တာဗျူးတွေ ဖြစ်ရုံမက နောင်အနာဂတ် တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ပြန်လည် ထွန်းကားရေးအတွက် သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးအားမြှောက်ပြုတဲ့ အင်တာဗျူးမျိုးလည်း ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။(FNG)