
အာရှတိုက်မှာ အရှည်ကြာဆုံး ပဋိပက္ခ တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက မွတ်ဆလင်သူပုန်တွေရဲ့ ပဋိပက္ခကို အဆုံးသတ်စေပြီး အပြီးသတ် သဘောတူညီမှုရစေမယ့် အာဏာခွဲဝေမယ့် အစီအစဉ်ကို သမ္မတ အကွီနိုက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် အကွီနိုက အခု သဘောတူညီမှုမှာ ဖြေရှင်းရမယ့် အငြင်းပွားဖွယ် ကိစ္စတွေ အတော်များများ ရှိနေသေးတဲ့အကြောင်း သတိပေးထားပါတယ်။
တနင်္ဂနွေနေ့က လက်မှတ်ထိုးခဲ့တဲ့ ဒီ သဘောတူညီချက်အရ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသစ်တစ်ခု ထူထောင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ မွတ်ဆလင်တွေရဲ့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တဲ့ အစိုးရက အုပ်ချုပ်မှာ ဖြစ်ပြီး လက်နက်ကိုင် သူပုန်မှန်သမျှ လက်နက်စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် လုံးဝ လုပ်ပိုင်ခွင့် ပေးရမှာဖြစ်ပြီး ဗဟိုအစိုးရကတော့ နိုင်ငံခြားရေးနဲ့ ငွေးကြေးပေါ်လစီတို့ကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။
BBC Burmese