တပ်ပိုင်မြေပေါ်က ဖယ်ရှားခံရတဲ့ သမီးကလေးကျေးရွာသားများ လတ်တလော နေရာထိုင်ခင်းမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄) ဓာတ်ပုံ-စည်သူ(VOA-မြန်မာ) |
သမီးကလေးကျေးရွာအပါအ၀င် ကျေးရွာများ ဖျက်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် တို့ အောက်ခြေက ဆောင်ရွက်မှု အခြေအနေတွေကို သေချာသိမယ်မထင်ပါဘူး။ အခုဖျက်သိမ်းလိုက်တာဟာ သမီးကလေး ကျေးရွာတစ်ခုတည်း မဟုတ်ပါဘူး။ အဲ့ဒီရွာနဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ လွန်ခဲ့သောဆယ်စု နှစ်ပေါင်းများစွာကတည်းက တည်ရှိ အခြေချနေထိုင်တဲ့ ရွာတွေပါ ပါသွားပါတယ်။
အဖျက်ဆီးခံ အုတ်ဖိုရွာက လူတွေက သူတို့ရွာ ဘာကြောင့် တပ်မြေမှာမပါဘဲ ဖျက်ရတာလဲလို့ လာဖျက်သူတွေကိုမေးတာ့.... တစ်ခြား၇ွာတွေလဲ ဖျက်ပြီးဖြစ်တာကြောင့် ဒီရွာကိုလဲ မထားခဲ့ရဲတာကြောင့် ဖျက်မှရမယ်လို့ဆိုပြီး တပ်ပိုင်မြေမှာ မပါသော်လည်း ဖျက်လိုက်တာလို့ ဆိုပါတယ်။
ဖျက်ဆီးပြီးမှ လက်လွန် ခြေကျွံဖြစ်ကုန်တာကို သိတဲ့ စစ်တပ်ဟာ ဒီသတင်းတွေ မီဒီယာတွေကို ပေါက်ကြားမှာ စိုးတဲ့အတွက် ဖုံးဖိဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီရွာသားတွေကို အပြင်ပေးမထွက်ပါဘူး။ အပြင်လူများလဲ ရွာဘက်ကို ပေးမလာပါဘူး။
ဒါ့ပြင် မြင်ကွင်းရှင်းအောင်လမ်းဘေးဝဲယာတစ်လျှောက် ရှိသမျှ အကုန် မီးရှို့ရမယ်လို့ အမိန့်ပေးပြီး မီးလိုက်ရှို့ပါတယ်။ အုတ်ဖိုရွာက အိုးအိမ်မဲ့ဒုက္ခသည်တွေကတော့ ဘယ်ကိုမှ မသွားဘဲ သစ်ပင် ၀ါးပင်တွေအောက်မှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား ဆက်လက် နေထိုင်နေကြပါတယ်။
ဝါးပင်စုတွေအောက်မှာ ထရံစုတ်၊ တာပေါ်လင်စ အစုတ်တွေ ကာရံပြီး ဖြစ်သလို နေကြတာတွေ့ရပါတယ်။ ခုနေတော့ အမိုးအက္ခာမရှိလဲ ဖြစ်သလိုနေလို့ရပေမယ့် မိုးများကျရင် ခက်ရချည်ရဲ့လို့ ကျွန်တော် တွေးမိတယ်။ သူတို့ကတော့ အခုလက်ငင်းပြသနာတွေနဲ့တင် ဒုက္ခကြီးနေတော့ ဒီပြသနာကို ကြိုစဉ်းစားဖို့ အလှည့်မရောက်သေးပါဘူး။
သူတို့အိမ်မှာ ရှိတဲ့ ကျွဲ၊ နွား တွေကို အပြင်ထွက်လာရင် သေနတ်နဲ့ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် သစ်ပင်အောက်က လွတ်မသွားအောင် ကြိုးနဲ့ချည်ထားကြပါတယ်။တိရိစ္ဆာန်တောင် အလွတ်မပေးဘူးလားလို့ မေးကြည့်တော့ ကျွဲနွားရှိနေတာဟာ လူတွေ ရှိနေတယ်ဆိုတဲ့ သဘောဖြစ်တာကြောင့် အပြင်မှာ တွေ့ရင် ပစ်မယ်လို့ဆိုပါတယ်။
ဒါ့ပြင် လူတွေကိုလဲ အတင်းအကျပ် ဖယ်ခိုင်းနေပြီး မဖယ်ပေးရင် မီးရှို့ရမယ်လို့ အမိန့်ပေးထားတယ်လို့လည်း ဆိုပါတယ်။ မီးလာရှို့တဲ့သူတွေက အရင်ကတည်းက သူတို့နဲ့သိနေတော့ သူတို့နေထိုင်ရာ နေရာလေးကို ရှောင်ပြီး မီးရှို့ဖို့ တောင်းပန်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် စစ်တပ် ရှောင်တခင် လာေ၇ာက်ပစ်ခတ်မယ် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ၇ွာသားအချို့ဟာ ကားသံကြားရင် အနောက်ဘက် ချောက်တွေထဲ ဆင်းပုန်းနေကြရတဲ့ အထိကြောက်လန့်နေကြတာတွေ့ရပါတယ်။
သူတို့ဟာ ကျူးကျော်များမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဒီရွာတွေမှာ အခြေချနေထိုင်ခဲ့ကြတာပါလို့ သမိုင်းကြောင်းကို ရှင်းပြကြပါတယ်။ သူတို့ကို လ၀က ကနေထုတ်ပေးထားတဲ့ သန်းခေါင်စာရင်း မှတ်တမ်းများလဲ ပြကြသလို ရွေးကောက်ပွဲတွေမှာလဲ သူတို့ အမည်ပါပြီး မဲပေးခဲ့ကြတယ် လို့ပြောပါတယ်။ သူတို့ရဲ့ နစ်နာချက်တွေအတွက် တစ်စုံတစ်ရာ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ကျွန်တော်တို့အဖွဲ့ ကို အားကိုးတကြီး ပြောပြကြရှာပါတယ်။
ဒီလိုဖျက်ဆီးလိုက်တာနဲ့ပတ်သက်ပြီး ဘယ်သူ့အမိန့်ဆိုတဲ့ တရားဝင် အမိန့်စာထုတ်ပြသလားဆိုတော့ မပြပါဘူးတဲ့။ ကြိုပြီးလဲ သိမထားပါဘူးတဲ့။ ဖျက်မယ့်နေ့ရောက်မှ အင်အားနဲ့ ရောက်လာပြီး ချက်ခြင်းဖျက်သွားတာလို့ပြောပါတယ်။ အထက်အမိန့်ဆိုပြီး စက်ယန္တရားများနဲ့ မိနစ်ပိုင်းအတွင်း အပြောင်ရှင်းသွားတာလို့ ဆိုပါတယ်။ အမျိုးသမီးတစ်ဦးက သူ့ယောက်ကျားအိမ်ထဲမှာ ရှိနေတာ ကားကြီးနဲ့လာထိုးချတာ နောက်ဖေး ပြူတင်းပေါက် အမြန်ခုန်ချလိုက်ရတယ်တဲ့။ နဖူးမှာ အုတ်ကျိုးမှန်လို့ ဟက်တက်ကြီးကွဲသွားသေးတယ်လို့ သူ့အိမ်အပျက်အဆီးတွေကို ကြည့်ရင်းပြောပြတယ်။
အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့သူတို့ကို ဒုက္ခသည်စခန်းဆီမသွားဘူးလားဆိုတော့ ဒီကနေ ဘယ်ကိုမှ မသွားပါဘူးလို့ပြန်ဖြေပါတယ်။ ဟိုမှာ အစားအသောက်အတွက် အဆင်ပြေမှာသိပေမယ့် သူများပေးကျွေးတာကို အလကားမစားချင်ပါဘူးတဲ့။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးဘဲ ထမင်းစားချင်ပါတယ်တဲ့။ ကျွန်တော်တို့ အလုပ်လုပ်ကိုင်လို့ရအောင် ပြန်စီစဉ်ပေးပါလို့ တောင်းဆိုကြပါတယ်။
ဒီရက်ပိုင်း စားဝတ်နေရေး ဘယ်လိုဖြေရှင်းနေသလဲဆိုတော့ ရှိတဲ့ဆန်လေးတွေ အချင်းချင်း ဝေငှပြီး ဖြစ်သလိုစားနေကြပါတယ်တဲ့။ ကလေးတွေကတော့ ကျောင်း စာမေးပွဲလည်း ရှိနေတော့ ဒီမှာ ခက်ခဲတာကြောင့် ဘုန်းကြီးကျောင်းပို့ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် စစ်တပ်က သေနတ်နဲ့လာပစ်မယ်လို့ ပြောထားတာကြောင့် ကလေးတွေကို ဒီမှာ မထားရဲဘူးလို့ပြောပါတယ်။
ဒါဆို စစ်တပ်က လာပစ်ရင် အမတို့က ဘယ်ကိုပြေးမလဲဆိုတော့ ကျွန်မတို့ဘယ်ကိုမှ မပြေးဘူး။ ဒီနေရာမှာ အသေခံသွားမယ်။ ကျွန်မတို့ဘ၀က နေစရာမရှိ စားစရာ မရှိ မထူးတော့ဘူးလေ လို့ ပြန်ပြောပါတယ်။ ကလေးတွေကို ဘေးလွတ်ရာပို့ထားပြီးပြီလို့ယုံကြည်တာကြောင့် သူတို့အသေခံပြီး နေမယ်ဆိုတဲ့ ရွာသားတွေရဲ့စိတ်ဓာတ်ကို ကျွန်တော်ပုံဖော်ကြည့်ဖို့ ကြိုးစားနေတယ်။
ခုအချိန်မှာ သမ္မတကြီးကို ပြောခွင့်ရမယ်ဆို ဘာများပြောမလဲ ဆိုတော့ ကျွန်တော်တို့ ဒီရွာမှာ ဆက်လက်နေထိုင်ခွင့်လေးပြန်ပေးပါလို့ အသက် ၇၀ကျော်အဖိုးတစ်ဦးက ပြောပါတယ်။ ဒါဘဲလား တစ်ခြား တောင်းဆိုစရာ မရှိတော့ဘူးလားဆိုတော့ ဒါလေးတစ်ခုဆို ရပါပြီတဲ့။ နောက်ထပ် အသက် ၃၀ ကျော် ရွာသားတစ်ဦးကလည်း ကျွန်တော်တို့ ဒီ၇ွာကလေးမှာ ပြန်နေခွင့်လေး ပေးရင်ကျေနပ်ပါပြီတဲ့။ တစ်ခြားဘာမှ မတောင်းဆိုပါဘူးတဲ့။
တစ်ခြားနေရာမှာ မြေပြန်အစားပေးမယ် ဆိုရင်ကော အဆင်မပြေဘူးလားဆိုတော့ အားလုံး တူညီစွာပြန်ပြောတာက ဒီနေရာမှာဘဲ ပြန် နေချင်ပါတယ်တဲ့။ အမျိုးသမီးတစ်ယောက်ကပြောတယ်... ဒီရွာမှာ ကျွန်မမွေးကတည်းက နေလာတာ အခုဘဲ ကျွန်မအသက် လေးဆယ်ကျော်ပြီလေ တဲ့။
သူတို့ ဒီလောက်တွယ်မက်စွာ ဖက်တွယ်နေတဲ့ ရွာကလေးဆိုတာကို ကျွန်တော်သေချာကြည့်လိုက်တယ်။ ရန်ကုန် ပဲခူးဟိုင်းဝေးလမ်းမကြီးကနေ လမ်းခွဲအတိုင်း အတော်ကြာသွားရပြီး အဲ့ဒီကနေမှမြေသားလမ်းအတိုင်း အတွင်းကို နာရီဝက်လောက် ဆိုင်ကယ်မောင်းဝင်ရတယ်။
ရွာဝင်လမ်းကလဲ ဖုန်တွေ တထောင်းထောင်း၊ ချိုင့်တွေ ဒင်းကြမ်းနဲ့ နွားလှည်းတောင် မနည်းမောင်းရမယ့်လမ်းပါ။ မိုးတွင်းဆို လမ်းတောင်လျှောက်ဖြစ်ပါ့မလားလို့ တွေးမိသေးတယ်။ ရွာနားမှာ ဘာများ သာယာစရာ ရှိနေပါလိမ့်လို့ ကြည့်မိတော့ ကြပ်တည်းကုန်းမှာ ၀ါးပင်အစုလေးတွေ ပေါက်နေတာတွေ့တယ်။ ၀ါးရွက်ခြောက်တွေ ပြန့်ကြဲပြီး လှပရှုမောဖွယ် မြင်ကွင်းဘာတစ်ခုမှ မတွေ့ဘူး။
အလုပ်အကိုင်က ဘာလုပ်ကြတာလဲလို့ မေးကြည့်ချိန်မှာ ဖျင်ဘောင်းဘီရှည်အပြဲ၊ ဖျင်အင်္ကျီ အနွမ်းဝတ်ထားတဲ့အမျိုးသမီးကြီးတစ်ဦး ဖုန်တထောင်းထောင်းလမ်းမဘက်ကနေ ကျွန်တော်တို့ရှိရာ နေရာဘက် လျှောက်လာတယ်။ သူ့ခေါင်းပေါ်မှာ ရွက်ထားတာက တံမျက်စည်းရိုး အပင်စိမ်းစိမ်း တစ်စည်း။ ဒါလေးရောင်း ရင် တစ်ထောင် ထောင့်ငါးရာလောက် ရမယ်ထင်တယ်လို့ ကျွန်တော် တန်ဖိုးဖြတ်ကြည့်လိုက်တယ်။
ကျွန်တော့်မေးခွန်းကိုအမျိုးသားတစ်ဦးပြန်ဖြေတယ်။ ကျွန်တောတို့ ထင်းခုတ် ၊ ၀ါးခုတ်ပေါ့။ အရင်တုန်းက ဟိုဘက်ရွာဘက်ကနေ ထင်းတွေ လာဝယ်ကြတယ်။ ခုတော့ ဘယ်သူမှ မလာရဲကြလို့ ထင်းလဲ မစည်းရတော့ ၀င်ငွေလဲ မရှိတော့ပါဘူးဗျာတဲ့။ သူ့မျက်နှာမှာ စိတ်ပျက်မှု အပြည့်နဲ့။
လူအသွားအလာ မရှိတဲ့ ဖုန်တထောင်းထောင်း လမ်းဘေးက ခြောက်သွေ့နေတဲ့ သစ်ရွက်ကြွေတွေကြားမှာ ပြိုလဲ ပျက်စီးနေတဲ့ ၀ါးတိုင်၊ သစ်အပိုင်းအစတွေ၊ ဓနိမိုးအပိုင်းအစတွေ ၊ အုတ်ကျိုး အုတ်ပဲ့ တွေဟိုတစ်စ ဒီတစ်စ မျှော်လင့်ချက် လေးတစ်ခုနဲ့ ရှင်သန်နေတဲ့ လူတစ်စု
သူတို့ ဘာကြောင့် အသက်အသေခံမယ်လို့ ဆုံးဖြတ်တဲ့ထိ ဒီအရပ်၊ ဒီနေရာကိုဖက်တွယ်နေကြပါလိမ့်..........။
Lin Thurein (Facebook)