မြန်မာနိုင်ငံရဲ့ ပထမအကြိမ်ကနေ ဆဌမ အကြိမ် အထိ ပြုလုပ် ခဲ့တဲ့ လွှတ်တော်
အစည်းအဝေးတွေ မှာ မေးခွန်း မေးမြန်းတဲ့ လွှတ်တော်အမတ် ဦးရေနည်းပါး သလို
မေးတဲ့ မေးခွန်း အရေအတွက် လည်း မေးခွင့်ပြုထားတဲ့ အတိုင်းအတာ ထက်
နည်းပါးနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံအခြေစိုက် Open Myanmar
Initiative ပွင့်လင်း မြန်မာ ရှေ့ဆောင် NGO အဖွဲ့ ရဲ့ ပထမဆုံး အကြိမ်အဖြစ်
လွှတ်တော် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ မှာ ဖေါ်ပြ ထား ပါတယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေး မဏ္ဍဍိုင် ၃ ရပ် ၊ အနက် ဥပဒေ
ပြုရေးဆိုင်ရာ ကဏ္ဍဍရဲ့ အားနည်းမှု အားသာမှု ကို နိုင်ငံသားတွေ လေ့လာ
နိုင်အောင် လွှတ်တော် စောင့်ကြည်ရေး အစီရင်ခံစာကို သုတေသနပြု ရေးသား
ခဲ့တာဖြစ်ပြီး ပထမဆုံး လွှတ်တော်အမတ်တွေ မေးတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်ရာ
အစိုးရ အဖွဲ့ဝင်တွေရဲ့ ပြန်လည် ဖြေကြားမှုတွေကို လေ့လာရာမှာ အဲဒီလို
တွေ့ရှိခဲ့ရတယ်လို့ Open Myanmar Initiative ရဲ့ Research Director နဲ့
အစီရင်ခံစာ ပြုစုသူ ဦးအေးခိုင်က ဘီဘီစီ ကို ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တယောက်ချင်း ကို လွှတ်တော်ပုံမှန် အစည်းအဝေး
တကြိမ်မှာ မေးခွန်း အများဆုံး ၁ဝ ခု မေးမြန်းခွင့် ရှိတယ်လို့ သတ်မှတ်ထား
ပေမဲ့၊ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် အစည်းအဝေး ခြောက်ကြိမ်၊ သုံးနှစ်တာ
ကာလ အတွင်း ၂ ဒဿမ ၉ ပဲ မေးမြန်းနိုင်ပြီး၊ အမျိုးသား လွှတ်တော်မှာ ၃ ဒဿမ ၂
ပဲ မေးခဲ့တာ တွေ့ရကြောင်း၊ ဦးအေးခိုင်က ဘီဘီစီ ကို ပြောပါတယ်။
မေးခွန်းလုံးဝ မေးမြန်းခြင်း မရှိတဲ့ ကိုယ်စားလှယ် အချိုးအစား
အတော်များများ တွေ့ရတဲ့ အထဲမှာ၊ တပ်မတော် ကိုယ်စားလှယ် တွေထဲမှာ ပထမ
အစည်းအဝေး ခြောက်ကြိမ်မှာ တယောက်ထံ မှ မေးခွန်း တခုပဲ ရှိခဲ့ပြီး၊ ကျန်တဲ့
တပ်မတော် ကိုယ်စားလှယ် တွေ က မေးမြန်းခြင်း မရှိခဲ့ဘူး လို့ ရှင်းပြပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ မေးခွန်းတွေ အခြေခံရာမှာလည်း၊ ဖြေကြားခြင်း
ခံတဲ့ မေးခွန်းတွေ ပဲ၊ မှတ်တမ်း ပြုစုထားလို့၊ သူတို့တင်သွင်းတဲ့
မေးခွန်းတွေ ထဲက၊ ဘယ်မေးခွန်း ကို ဖြေပြီး၊ ဘယ်မေးခွန်း ကို မဖြေဘူး ဆိုတာ
ကို မသိနိုင်ကြောင်း၊ ဒီ အကြောင်းတွေ ကို ပြည်သူလူထု သိခွင့်ရမှသာ ပြည်သူ့
ရှေ့မှောက် တာဝန်ခံမှု၊ တာဝန်ယူမှု တွေ ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တွေ အနေနဲ့ ရပ်တည်လာနိုင်မဲ့ အကြောင်း၊ ဦးအေးခိုင်က ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)