Headlines News :
Home » » အင်ဒိုနီးရှားအတွေ့အကြုံ မြန်မာအတွက် အထောက်အကူဖြစ်ဟု ကာချုပ်ပြောကြား

အင်ဒိုနီးရှားအတွေ့အကြုံ မြန်မာအတွက် အထောက်အကူဖြစ်ဟု ကာချုပ်ပြောကြား

Written By လွင့်မောင်မောင် on Thursday, February 20, 2014 | 10:07 AM

 min aung hlaing
စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံဟာ မြန်မာနိုင်ငံအတွက် အထောက်ကူဖြစ်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဒေါက်တာ ပါနိုမို ယူစ်ဂျီယန်တိုရို (Purnomo Yusgiantoro) တို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဂျာကာတာမြို့မှာ တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စိတ်ဝင်စားကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေဟာ မြန်မာတွေအတွက်လည်း အထောက်အကူရလိမ့်မယ်လို့ ယုံကြည် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားတာပါ။
ဒါ့ပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ရာမှာ ၃ နှစ်သက်တမ်းသာ ရှိသေးလို့ ရင့်ကျက်မှုမရှိသေးကြောင်းနဲ့ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းရေးအတွက် အစိုးရနဲ့တပ်မတော် စိတ်ရှည်သည်းခံပြီး အောင်မြင်အောင် ကြိုး စားဆောင်ရွက်နေတယ်လို့လည်း ပြောကြားသွားပါတယ်။
မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်လပ်ရေးကို မရှေးမနှောင်းရခဲ့တာဖြစ်ပြီး ပါလီမန်ခေတ်၊ အာဏာရှင် ခေတ်တွေကိုလည်း ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား စစ်ခေါင်းဆောင်တွေက စစ်တပ်ရဲ့အာဏာကို နိုင်ငံရေးကနေ တဖြည်းဖြည်းလျော့ချပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးကနေ ထွက်ခွာသွားပုံနဲ့ပတ်သက်ပြီး ဗဟုဖွံ့ဖြိုးမှုအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ခုလိုပြောပါတယ်။
“အင်ဒိုနီးရှားတပ်က ပိုပြီး professional ဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ထဲကနေ အင်ဒိုနီးရှားတပ် ထွက်သွားတဲ့အပေါ်မှာတော့ အံ့သြစရာတော့ ကောင်းတယ်။ စစ်တပ်က သူတို့ဘာသာသူတို့ လွှတ်တော်ထဲမှာ မရှိသင့်တော့ဘူး ယူဆပြီး လုံးဝကို ဆုတ်ခွာတဲ့အနေအထားမျိုးပေါ့။ ဒါကလည်း ချီးကျူးစရာကောင်းပါတယ်။ နောက်တခုက အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်က ပြန်ပြီးတော့ စည်းရုံးရေး လုပ်နိုင်တဲ့အခါကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အခုလက်ရှိ ဒေသဆိုင်ရာ ရွေးကောက်ပွဲ၊ အောက်ခြေခရိုင်အဆင့် ရွေးကောက်ပွဲတွေဆိုရင် ကိုယ်စားလှယ်လောင်းတင်မယ့်သူက တယောက်က နိုင်ငံရေးသမားဆိုရင် နောက်တယောက်က စစ်တပ်က အနားယူတဲ့ အရာရှိဟောင်းပေါ့။ ဒီလိုမျိုး တွဲပြီး တင်တဲ့ဓလေ့တွေအထိ ဖြစ်လာတယ်။ သဘောက စစ်တပ်က ဆုတ်ခွာသွားတာလည်း ငြင်သာတယ်၊ တဖက်မှာ ပြည်သူက ထိုက်ထိုက်တန်တန် နေရာပြန်ပေးတဲ့သဘောမျိုး ဖြစ်တယ်။ ”
၁၉၉၈ ခုနှစ်က အာဏာရှင် ဆူဟာတိုပြုတ်ကျပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပါလီမန်မှာအမတ်နေရာ ၅၀၀ အနက် စစ်တပ်က ၃၈ နေရာ ယူထားရာက အခုဆိုရင် ပါလီမန်မှာ အမတ်နေရာ ၅၆၀ တိုးလာပြီး စစ်သားအမတ်တွေလည်း တဦးမှ မရှိတော့ပါဘူး။
အလားတူ ဒေသန္တရ အုပ်ချုပ်ရေးမှာ ဆူဟာတိုခေတ်က စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ၃ ပုံ ၂ ပုံလောက်ထိ ရှိခဲ့ရာက ခုဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍ လုံးဝမရှိသလောက် နည်းပါးသွားပြီ ဖြစ်ပါတယ်။
မြန်မာတပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာဖို့ကတော့ အမျိုးသားလုံခြုံရေးအာမခံချက်ရှိမှုအပေါ် မူတည်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပြောပါတယ်။
“ကျနော့်အမြင်အရ အဓိက စစ်တပ်က နိုင်ငံရေးထဲက မထွက်ခင်မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာတော့ ဘယ်လောက်အထိ အာမခံချက်ရှိလဲဆိုတဲ့ အတိုင်းအတာတခုကို သူတို့လိုချင်မယ်ထင်ပါတယ်။ အင်ဒိုနီးရှားမှာလည်း အင်ဒိုနီးရှားတပ်မတော် ထွက်ဖို့အတွက် အဓိကအကြောင်းရင်းတခုက အဲဒါပါတယ်။ ဆိုလိုတာက တပ်မတော်တခု နိုင်ငံရေးထဲမှာရှိတယ်ဆိုတဲ့ အကြောင်းထဲမှာ အမျိုးသားလုံခြုံရေးက အဓိကစဉ်းစားတဲ့အထဲ ပါတယ်။ အမျိုးသားလုံခြုံရေးအတွက် အာမခံချက်တွေကို တခြားနိုင်ငံရေးသမားတွေက လုပ်ပေးနိုင်တယ်ဆိုတဲ့ အချိန်ကျရင် တပ်မတော်တခုအနေနဲ့ နိုင်ငံရေးထဲမှာ ဆက်ပြီးတော့ ရှိဖို့ အကြောင်းရင်းက ပိုနည်းသွားမယ်။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဂျာကာတာမြို့က မြန်မာသံအမတ်ကြီးနေအိမ်မှာ သံရုံးမိသားစုတွေနဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံဟာ ဒေသ အခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို သွားနေကြောင်း၊ ဒီမိုကရေစီ သက်တမ်း နုနယ်သေးတဲ့အတွက် စနစ်ခိုင်မာအောင် အချိန်ပေးဖို့လိုကြောင်း ပြောပါတယ်။
မြန်မာစစ်တပ်အကြီးအကဲရဲ့ ပြောကြားချက်ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက တပ်မတော်ရဲ့ လက်ရှိ နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိအောင် ဆောင်ရွက်ဖို့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို လမ်းညွှန်ချက်မူ ချပေးလိုက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကတော့ မြန်မာ့တပ်မတော်အနေနဲ့ လူထုဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားဖို့ လိုတယ်လို့ ပြောပါတယ်။
“အရေးအကြီးဆုံးက ဘယ်အရာမဆို ပြည်သူခေါင်းဆောင်သည်ဆိုတာ အဓိကပဲ ပြည်သူလူထုသည် အဓိက အင်အားဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် နားလည်ပါ။ ပြည်သူသည်အမိ ပြည်သူသည်အဖ ပြည်သူ့ရဲ့ အင်အားကို အဓိက အားကိုးပါ။ အင်မတန် နှစ်သက်စရာကောင်းတဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့ ခေတ်မီတဲ့၊ ရဲရင့်တဲ့ စွန့်စားနိုင်စွမ်းရှိပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်မယ့် ဗမာ့တပ်မတော် ခေါ်ခေါ်၊ မြန်မာ့တပ်မတော် ခေါ်ခေါ်၊ ပြည်ထောင်စု တပ်မတော် ခေါ်ခေါ် နာမည်က အရေးမကြီးဘူး။ ပြည်သူ့အတွက် တပ်မတော်ပြန်ဖြစ်အောင် လုံးပန်းဖို့၊ ပြည်သူရော တပ်မတော်ရောမှာ အပြန်အလှန် တာဝန်ရှိတယ်။ ပြည်သူလူထုရဲ့ ဆန္ဒ အပြည့်အ၀ကို လေးစားလိုက်နာပြီးတော့ စွမ်းပကား ထက်ထက်မြက်မြက်သတ္တိရှိရှိနဲ့ ကိုယ်ကျိုးစွန့်ပြီးတော့ ပြည်သူလူထုဘက်ကို အမြဲတမ်း မျက်နှာမူတဲ့ တပ်မတော်ဖြစ်စေချင်တယ်။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကနေဆင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက အင်ဒိုနီးရှားနိုင်ငံ ရောက်ရှိနေတာဖြစ်ပြီး မြန်မာကာကွယ်ရေး ဦးစီးချုပ်တဦးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
ဒီခရီစဉ်အတွင်း နှစ်နိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော်ခေါင်းဆောင်တွေနဲ့ စစ်တက္ကသိုလ် သင်တန်းသားတွေ အပြန်အလှန် လည်ပတ်သွားဖို့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု သင်တန်းကို တက်ရောက်ဖို့လည်း အင်ဒိုနီးရှား တပ်မတော်ခေါင်းဆောင်တွေက ကမ်းလှမ်းခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်) က ခေါင်းဆောင်တချို့လည်း ဒီမိုကရေစီဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေအကြောင်း ဆွေးနွေးဖို့ ဂျာကာတာမြို့မှာ ရောက်ရှိနေကြပါတယ်။
ပီတာအောင် (DVB)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template