အခုတလော စာပေဟောပြောပွဲတချို့မှာ ဟောပြောသူတချို့ စင်ပေါ်တက်ခွင့်မရအောင် တားဆီးမှုတွေ ရှိနေပါပြီ။
ဟောမယ့်သူက အစ္စလမ်ဘာသာဝင်ဖြစ်နေလို့၊ အစ္စလမ်ကုသိုလ်ဖြစ်ဆေးရုံမှာ အလုပ်ဝင်နေလို့ စသဖြင့် စသဖြင့်။
ဒီလို ဖြစ်ရပ်မျိုးနဲ့ ကြုံတဲ့အခါ ပိတ်ပင်တာ မခံရတဲ့ တခြားသော စာရေးဆရာတွေက ဘယ်လို ရပ်တည်မလဲ။
- ငါ့ကိုပိတ်ပင်တာမဟုတ်ဘူး၊ ငါ စင်ပေါ် တက်မယ်
- ဟောဖော်ဟောဘက်တယောက်ကို ပိတ်ပင်လို့ ဒီစင်ပေါ် ငါမတက်နိုင်
ဆိုပြီး နှစ်မျိုး ရပ်တည်နိုင်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ် စာမျက်နှာ ၂၄ က ဆောင်းပါးထဲကနေ ကောက်နုတ် ဖော်ပြရရင်...
...မြန်မာနိုင်ငံရဲ့ စာပေဟောပြောပွဲတွေမှာ အစ္စလမ်ဘာသာဝင်တွေ မဟောပြောရ ဆိုပြီး လိုက်လံ ပိတ်ပင် ဟန့်တားနေတဲ့ သံဃာတော် အစုအဖွဲ့တွေရဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒီလို ပိတ်ပင် ဟန့်တားတဲ့ ကိစ္စဟာ သံဃာတော်တွေ ကျင့်ကြံရမယ့်အမှုကိစ္စ မဟုတ်သလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေကလည်း ဒီလို ဟန့်တား ပိတ်ပင်တာကို ခွင့်မပြုပါဘူး။ ဒါကြောင့် ပိတ်ပင် ဟန့်တားခွင့်လည်း မရှိပါဘူး။ ဒီကနေ့ ကာလမှာ တစ်ကမ္ဘာလုံးက လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းအကောင်အထည်ဖော်နေကြတာပါ။ အမုန်းတရား ဆိုတာကလည်း ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ကိစ္စပါ။
ဝိနည်းနဲ့ မညီသလို ဥပဒေကိုပါ ချိုးဖောက် ကျူးလွန်နေတဲ့ သံဃာတော် အစုအဖွဲ့တွေ ဘာလို့ စိတ်ထင်သလို လုပ်နိုင်နေရတာလဲ။ ဒါက အာဏာပိုင် အဖွဲ့အစည်းတွေ အပါအ၀င် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အလေးအနက် သုံးသပ် ဖြေဆိုရမယ့် မေးခွန်းပါ။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေအပေါ် တရားမဲ့ ချိုးဖောက်နေတဲ့အပေါ် အလေးအနက် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ စာပေဟောပြောပွဲ ဟောပြောဖော် ဟောပြောဖက်တွေကလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံခဲ့ရရင် ငါတို့လည်း မဟောပြောနိုင်ဘူး ဆိုပြီး တရားမျှတမှုအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုကလည်း ဒီလို အနိုင်ကျင့် ခြိမ်းခြောက်မှုတွေအပေါ် အလျှော့ပေး နောက်ဆုတ်မှာ မဟုတ်ဘူး ဆိုတာကို အခိုင်အမာ ရပ်တည်ပြသရပါမယ်။ သံဃာတော်ထုကြီး တစ်ရပ်လုံးကလည်း ဗုဒ္ဓသာသနာရဲ့ ဂုဏ်ရောင်ကို မှေးမှိန်ထိခိုက်စေတဲ့ ဒီလို လုပ်ရပ်မျိုးကို ၀ိုင်းဝန်း ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်...
ဆောင်းပါးရှင်က ကိုဝ ဖြစ်ပါတယ်။
ဧရာဝတီ Blog