Headlines News :
Home » » မလေးရှားလေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးနေမှု နောက်ကွယ်၌ တရုတ်အကြမ်းဖက် အုပ်စုတစ်ခု ရှိနေဟု သတင်းထွက်

မလေးရှားလေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးနေမှု နောက်ကွယ်၌ တရုတ်အကြမ်းဖက် အုပ်စုတစ်ခု ရှိနေဟု သတင်းထွက်

Written By လွင့်မောင်မောင် on Wednesday, March 12, 2014 | 7:04 PM

 
ကွာလာလမ်ပူ၊ မတ် ၁၁

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၇၇ (လေကြောင်းခရီးစဉ် MH 370 ထူးဆန်း အံ့သြဖွယ်ကောင်းစွာ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ‘တရုတ် အာဇာနည်တပ်မဟာ’ ဟု အမည်ရသည့် အုပ်စုတစ်ခုက ၎င်းတို့၏ လက်ချက် ဖြစ်သည်ဟု အသိပေး ထုတ်ဖော် ပြောဆိုလာကြောင်း ယင်းအဖွဲ့က ပေးပို့သည့် အီးမေးလ်များကို အခြေခံကာ Mirror သတင်းစာက ရေးသားဖော်ပြသည်။

ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သော အဆိုပါ တရုတ်အာဇာနည် တပ်မဟာဟုဆိုသော အဖွဲ့က တရုတ်သတင်းစာ ဆရာများထံသို့ အီးမေးလ်များ ပေးပို့ခဲ့ပြီး ယင်းအီးမေးလ်များထဲတွင် “ကျွန်ုပ်တို့ရဲ့ မျိုးနွယ်စု တစ်ယောက်ကို သင်တို့သတ်လျှင် ကလဲ့စားချေ တုံ့ပြန်သည့်အနေနှင့် သင်တို့ မျိုးနွယ်စု အယောက် ၁၀၀ ကို ကျွန်ုပ်တို့ ပြန်သတ်မည်” ဟု ဖော်ပြပါရှိသည်။

အကြမ်းဖက်အုပ်စုဟု ယူဆရသော ယင်းအဖွဲ့က မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးနေရမှု၏ နောက်ကွယ်၌ ၎င်းတို့ရှိကြောင်း ထုတ်ဖော် ပြောဆိုသော်လည်း ယင်းလေယာဉ် မည်သို့မည်ပုံ ဖြစ်သွားသည်ဟူသော အချက်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

အဆိုပါ အီးမေးလ်များနှင့် ပတ်သက်၍ မလေးရှား အရာရှိကြီးများက လိမ်လည် လှည့်ဖျားမှုတစ်ရပ်သာ ဖြစ်လိမ့်မည်ဟု ယုံ ကြည်လျက် ရှိသည်။

“သူတို့ရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ အထောက်အထား ဒါမှမဟုတ် အနေအထား တစ်စုံတစ်ရာ မတွေ့ရပါဘူး” ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒါတွတ်ဆရီဟီရှာမူဒင်ဟူစိန်က အင်္ဂါနေ့တွင် ပြောကြားသည်။

အခြားသော သတင်းများအရ ယင်းအီးမေးလ်သည် ရှင်ကျန်းဒေသရှိ အူဂါ မွတ်ဆလင်များနှင့် ဟန်တရုတ် လူမျိုးစုများအကြား တင်းမာမှုများ ဖြစ်ပေါ်စေရန် ဦးတည်ချက်ဖြင့် ပေးပို့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် အမှုထမ်း ၁၂ ဦး တင်ဆောင်သွားသော ယင်းမလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးနေသည်မှာ ယနေ့ဆိုလျှင် လေးရက်နီးပါး ကြာမြင့်သွားပြီ ဖြစ်ပြီး ယင်းလေယာဉ်နှင့် ရေဒါ အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ယူဆရသော နေရာဒေသများတွင် သာမက အခြားဖြစ်နိုင်ခြေရှိသော နေရာများတွင်ပါ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် အသီးသီးက ရှာဖွေမှုများကို အပူတပြင်း လုပ်ကိုင်လျက်ရှိသည်။

ယမန်နေ့က ဗီယက်နမ် တောင်ပိုင်းဒေသ ထိုင်း ပင်လယ်ကွေ့အနီး ရေပြင်တွင် လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့သော်လည်း စုံစမ်း စစ်ဆေးသူများ၏ စစ်ဆေးချက်အရ ပျောက်ဆုံးနေသော လေယာဉ်နှင့် ဆက်စပ်ပတ်သက်မှု မရှိပေ။

လက်ရှိအချိန်တွင် မလေးရှား အာဏာပိုင်များက အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါသွားသော ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ၏ နောက်ကြောင်း ရာဇဝင်များကို စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း၊ အကြောင်းမှာ လိုက်ပါ စီးနင်းသူများထဲ၌ စိတ်ဖောက်ပြန်သူများ ပါဝင်ခြင်း ရှိ၊ မရှိကို သိရှိလိုသောကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

“လေယာဉ်မှာ လိုက်ပါသွားတဲ့ သူတွေထဲက တစ်ယောက်ယောက်က စိတ်ဖောက်ပြန်ပြီး ပေါက်ကွဲ၊ ပျက်ကျတဲ့အထိ လုပ်ဆောင်တာမျိုး ရှိနိုင်မလား ဆိုတာရယ်၊ ပြန်ပေးဆွဲတာမျိုး ဖြစ်မလား၊ ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်လား ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက အသေးစိတ် စုံစမ်းဖော်ထုတ်နေပါတယ်” ဟု မလေးရှား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

မလေးရှား စစ်ဘက်ဆိုင်ရာ ရေဒါစနစ်၏ တွေ့ရှိချက်အရ ယင်းလေယာဉ်သည် ပုံမှန်သွားရမည့် လမ်းကြောင်းမှ ပြန်လှည့်ခဲ့သည့် အနေအထားမျိုးကို တွေ့ရသည်။

ဤအတောအတွင်းမှာပင် လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများက ကွာလာလမ်ပူ လေဆိပ်ပြင်ပ၌ ဖယောင်းတိုင်ထွန်းကာ ဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ မလေးရှား လေယာဉ် ပျောက်ဆုံးမှုသည် ကမ္ဘာ့လေကြောင်း သမိုင်းတွင် ထူးဆန်းအံ့သြဖွယ် အကောင်းဆုံး ဖြစ်ရပ် တစ်ခု ဖြစ်သည်ဟု လေ့လာသူများနှင့် ပညာရှင်များက ထုတ်ဖော် ပြောကြားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template