Headlines News :
Home » » မျိုးစောင့်ဥပဒေကြမ်းနှစ်ခုက အခြေခံဥပဒေပြင်ဆင်ရေး အာရုံပြောင်းခြင်းလား

မျိုးစောင့်ဥပဒေကြမ်းနှစ်ခုက အခြေခံဥပဒေပြင်ဆင်ရေး အာရုံပြောင်းခြင်းလား

Written By လွင့်မောင်မောင် on Wednesday, March 12, 2014 | 7:25 PM

 
အချိန်ကာလအတန်ကြာ ငြိမ်သက်နေခဲ့သော မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး ကိစ္စသည် ဖေဖော်ဝါရီ ၂၅ ရက်က နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယကသို့ ပေးပို့သည့် သ၀ဏ်လွှာမှ အစပြုကာ ပြန်လည်လှုပ်ရှားလာသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများ၏ အဓိကအကြောင်းရင်းဖြစ်သည့် လူဦးရေမညီမျှမှုကို ပြေလည်စေရန်ရည်ရွယ်၍ ဥပဒေလေးရပ်ကို မဖြစ်မနေ ပြဋ္ဌာန်းပေးစေလိုကြောင်း နိုင်ငံတော်သြ၀ါဒါစရိယ အင်းစိန်ရွာမ ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသ (ဥက္ကဋ္ဌ- အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ဗဟို) ဦးဆောင်ကာ နိုင်ငံသား တစ်သန်းသုံးသိန်းကျော် လက်မှတ်ရေးထိုး၍ သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့သည်။

အဆိုပါတင်ပြမှုတွင်ပါဝင်သည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေတို့ကို ဥပဒေပြုပေးနိုင်ရန် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါပေးပို့မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ယခုကိစ္စရပ်သည် နက်နဲသိမ်မွေ့သော ဘာသာသာသနာဆိုင်ရာကိစ္စရပ်များ၊ လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့လက်အောက်ရှိ သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဥပဒေနှစ်ခုကို ဦးဆောင်ရေးဆွဲသင့်ပြီး ကျန်ဥပဒေနှစ်ခုကို သီးခြားတည်ရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲသင့်ကြောင်း နိုင်ငံတော်သမ္မတသို့ သ၀ဏ်လွှာပြန်လည်ပေးပို့ခဲ့သည်။

ထိုကဲ့သို့ သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ သ၀ဏ်လွှာများ အပြန်အလှန်ပေးပို့ပြီး ရက်အနည်းငယ်အကြာတွင် ဖော်ပြပါဥပဒေများ ပြဋ္ဌာန်းပေးရန် ဦးဆောင်စီစဉ်သူ အင်းစိန်ရွာမဆရာတော်ကြီး၏သက်တော် (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ဖော်ပြပါပုဂ္ဂိုလ်နှစ်ဦးအား အမျိုးဘာသာ၊ သာသာနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)မှ ဆရာတော်အချို့က ၎င်းဥပဒေများ အမြန်ဆုံးပေါ်ထွန်းလာရေးအတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

‘‘ပြည်သူတွေက တောင်းဆိုတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့က မလုပ်ပေးလို့မရပါဘူး။ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စဖြစ်နေပါပြီ။ အားလုံးရဲ့အသံကိုနားထောင်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်’’ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က သူ၏အမြင်ကိုပြောပြသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ အမျိုးမျိုးဝေဖန်မှုများရှိနေသော်လည်း အဆိုပါဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်ခြင်းသည် တိုင်းပြည်တွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း (မဘသ)ဗဟိုမှ မဇ္ဇျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဦးကောဝိဒကမိန့်ကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့်ကာလတွင် ယင်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်လာခြင်းသည် အာရုံလွှဲပြောင်းသည့် ကိစ္စတစ်ခုဖြစ်ပြီး ဘာသာရေးကို အခြေခံသည့် နိုင်ငံရေးလှည့်ကွက်များကို သုံးခြင်းလည်းဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူအချို့ကပြောသည်။

ယခုအချိန်တွင် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်ကို အဓိကအာရုံစိုက်သင့်ပြီး ဖော်ပြပါဥပဒေလေးခုကို အချိန်ယူရေးဆွဲသင့်ကာ ဥပဒေပါအချက်အလက်များသည် ဗုဒ္ဓအဆုံးအမများနှင့် လွဲချော်မှုမဖြစ်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေကပြောသည်။

သို့သော် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများ ရေးသားသည့် စာရေးဆရာဦးစည်သူအောင်မြင့်က အောက်ပါအတိုင်းသုံးသပ်သည်။

‘‘ဖွဲ့စည်းပုံပြင်ရေးက သတ်သတ်ပါ။ ဖွဲ့စည်းပုံပြင်ဖို့ ဒီဥပဒေတွေကိုလုပ်တယ်ဆိုတာ လူတွေက ဝေဖန်သုံးသပ်ကြတဲ့သဘောပါပဲ။ ကျွန်တော့်အမြင်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သိပ်တော့ပြဿနာမရှိပါဘူး။ ဒီဥပဒေတွေဟာ တိုင်းပြည်အတွက် အကျိုး ရှိ၊ မရှိ။ ပြည်သူတွေအတွက် အကျိုး ရှိ၊ မရှိဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်’’

‘‘ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တခြားဘာသာခြားတွေနဲ့ အတူနေထိုင်ရတဲ့အခါ အရှည်သဖြင့် အေးအေးချမ်းချမ်းနေထိုင်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း တူချင်မှတူပါလိမ့်မယ်။ အခုလုပ်ဆာင်နေတဲ့ကိစ္စသည် ဘာအရောင်အသွေးမှမပါဘဲ ဘာသာ၊ သာသနာအတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်’’ဟု ဆရာတော်ဒေါက်တာဦးကောဝိဒက မိန့်ဆိုသည်။

တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် နေထိုင်လျက်ရှိသည့် နိုင်ငံအတွင်း ဘာသာ၊ သာသနာကို အခြေခံသည့်ဥပဒေများ ပြဋ္ဌာန်းရေးအပေါ် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာကိုးကွယ်သည့် တိုင်းရင်းသားအချို့ကလည်း အမြင်တစ်မျိုးဖြင့် ရှုမြင်ကြသည်။

‘‘လူမျိုးပေါင်းစုံရောနှောနေထိုင်တဲ့ တိုင်းပြည်မှာ ပြည်ထောင်စုစနစ်မသွားဘဲနဲ့ အမျိုးဘာသာ၊ သာသနာကို အခြေခံပြီး အမျိုးသားနိုင်ငံထူထောင်နည်းကိုသွားမှာ ကျွန်တော်အရမ်းစိုးရိမ်တယ်။ အဲဒီလိုသွားနေသရွေ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်နေရမှာဖြစ်ပါတယ်’’ဟု ချင်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

ဖော်ပြပါဥပဒေများသည် အမျိုးသားအကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၎င်းဥပဒေကြမ်းလေးခုအား အတည်ပြုပြဋ္ဌာန်းပေးနိုင်မည်ဖြစ်ကြောင်း မတ်လပထမပတ်တွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ အမြင်အမျိုးမျိုး ကွဲပြားခြားနားနေသော်လည်း ဖော်ပြပါဥပဒေလေးခုအနက် အစိုးရအဖွဲ့ရှိ ၀န်ကြီးဌာနများမှ တာဝန်ယူရေးဆွဲရန် လွှတ်တော်နာယကက မှတ်ချက်ပြုထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေတို့အား လွှတ်တော်သို့ တင်သွင်းနိုင်မည့် ဥပဒေကြမ်းအဖြစ် ယခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား ရေးဆွဲနိုင်ရန် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာများ ထုတ်ပြန်လုပ်ဆောင်နေပြီဖြစ်သည်။

အဆိုပါဥပဒေကြမ်းနှစ်ခု ရေးဆွဲရေးအတွက် မတ်လ ၇ ရက်တွင် ဒုတိယရှေ့နေချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

အဆိုပါကော်မရှင်အနေဖြင့် ဥပဒေကြမ်းများရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိစေပြီး ကွဲပြားသော ဘာသာအယူဝါဒရှိနေမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲစေရေးတို့ကို အလေးထားသုံးသပ်ရေးဆွဲရန် ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် ထည့်သွင်းဖော်ပြထားပြီး ရေးဆွဲရာတွင် အများပြည်သူတို့၏ အကြံပြုချက်များကို ရယူဆောင်ရွက်သွားရန်လိုကြောင်းလည်း ဖော်ပြထားသည်။

ထိုကဲ့သို့ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်မှုအပေါ် ‘‘ကော်မရှင်မှာ ဥပဒေပညာရှင်တွေ ပိုပြီးပါဝင်သင့်တယ်။ အခုတော့ ဥပဒေသမားဆိုလို့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးထွန်းထွန်းဦးတစ်ယောက်ထဲပဲ တွေ့တယ်။ အစိုးရအဖွဲ့က ဒါမျိုးကော်မရှင်ဖွဲ့ပြီး ဥပဒေကြမ်းရေးရတယ်ဆိုတာ အမှန်တော့ လွှတ်တော်က သိက္ခာကျတာပေါ့။ ဥပဒေပြုဖို့က လွှတ်တော်မှာ အဓိကတာဝန်ရှိတယ်’’ဟု ဥပဒေပညာရှင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ချုပ်ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က သုံးသပ်ပြောဆိုသည်။

ဥပဒေများသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အခွင့်အရေးကို ကာကွယ်ရန်ဟု ဆိုထားသည့်အတွက် ဥပဒေကြမ်းရေးဆွဲရာတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မခင်လေးကပြောသည်။

ဥပဒေတစ်ခုပြုစုရာတွင် လိုအပ်မှုရှိခြင်း၊ မရှိခြင်းဆိုသည့်အချက်ကို ဦးစွာစစ်တမ်းကောက်ယူမှုများပြုလုပ်ပြီးမှသာ ဥပဒေရေးဆွဲရေးကို ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။

ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်အနေဖြင့် ရဟန်းရှင်လူပြည်သူများထံမှ ဥပဒေကြမ်းရေးဆွဲနိုင်ရေးအတွက် အကြံပြုချက်များ၊ ဥပဒေကြမ်းများကို ပေးပို့နိုင်ကြောင်း ယခုလ ၈ ရက်တွင် နိုင်ငံပိုင်သတင်စာများမှတစ်ဆင့် ဖိတ်ခေါ်မှုပြုခဲ့သည်။

အဆိုပါဖိတ်ခေါ်မှုအပေါ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအချို့က လတ်တလောတွင် အကြံပြုချက်များပေးပို့သွားရန် အစီအစဉ်မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

မည်သို့ပင်ဆိုစေ မျိုးစောင့်ဥပဒေနှင့်ပတ်သက်သော ဥပဒေလေးခုပြဋ္ဌာန်းနိုင်ရေး လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့အကြား အသွား၊ အပြန်ပေးပို့သော သ၀ဏ်လွှာများကြားတွင် ဥပဒေကြမ်းများပေါ်ပေါက်လာရေးမှာ တဖြည်းဖြည်းအသက်ဝင်လာပြီဖြစ်သည်။

ရေးသားသူ- မင်းဟိန်းကျော်
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template