Headlines News :
Home » » ကာကွယ်ရေးဦးစီးချုပ်နှင့် KNU တွေ့ဆုံခြင်းသည် ပွင့်လင်းမြင်သာမှုမရှိဟု UNFC ဒုဥက္ကဋ္ဌ ဝေဖန်

ကာကွယ်ရေးဦးစီးချုပ်နှင့် KNU တွေ့ဆုံခြင်းသည် ပွင့်လင်းမြင်သာမှုမရှိဟု UNFC ဒုဥက္ကဋ္ဌ ဝေဖန်

Written By လွင့်မောင်မောင် on Friday, March 14, 2014 | 5:19 PM

 
ရန်ကုန်၊ မတ် ၁၀

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့ မတ် ၇ ရက် နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံကြရာ တစ်ဖွဲ့ချင်း တွေ့ဆုံမှု ဖြစ်သောကြောင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး အဖွဲ့အစည်း အားလုံး လက်မှတ် ထိုးထားသော သဘောတူညီချက် ဖြစ်သည့် ယခုကဲ့သို့တွေ့ ဆုံမည် ဆိုပါက အနည်းဆုံး (၃) (၄)ဖွဲ့စု၍ တွေ့ဆုံမှသာလျှင် ပွင့်လင်းမြင်သာမှု ရှိမည်ဖြစ်ကြောင်း ပဒို ဒေးဗစ်သာကပေါက ရှင်းလင်း ပြောကြားခဲ့သည်။

“တစ်ဖွဲ့ချင်းတွေ့တာ မကောင်းဘူး။ တွေ့စရာရှိလည်း (၃)(၄)(၅)ဖွဲ့လောက် တွေ့ပေါ့။ ဒီမှာ အားလုံး လက်မှတ် ထိုးထားတာပဲ။ တစ်ဖွဲ့တည်း တွေ့တယ်ဆိုတာ ပွင့်လင်း မြင်သာမှု မရှိဘူး။ ဒီမိုကရေစီမှာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ လူရိုသေ ရှင်ရိုသေ အစိုးရဖြစ်ဖို့ အဲဒါ အရေးကြီးတယ်။ တစ်ဖွဲ့တည်းတွေ့တာ အလားအလာ မကောင်းဘူးလို့ မြင်ပါတယ်” ဟုဆိုသည်။ ထို့ပြင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လက်နက်ကိုင်အများစု လက်မခံသော တပ်မတော်၏ ဆန္ဒသဘောထား ၆ ချက်အား လေးစား လိုက်နာရန် ပြောကြားခဲ့မှု အပေါ်တွင်လည်း “(KNU) ကို သူကပိုင်တယ်ဆိုတဲ့ သဘောနဲ့လုပ်တာနဲ့ တူပါတယ်။ KNU ကလည်း အပြောလွယ်မယ့်သဘော ရောက်နေတာကိုး။ အဲဒီသဘောတော့ ရှိတာပေါ့ဗျာ”ဟု ပဒိုဒေးဗစ်သာကပေါက ထပ်မံသုံးသပ်ခဲ့သည်။

အဆိုပါတပ်မတော်၏ သဘောထားဆန္ဒ ၆ ချက်အား လူမသတ်ရန်၊ အဓမ္မတပ်စုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ မဟာမိတ်တပ်ဖွဲ့များ အတွင်းသို့ အပစ်ရပ်ထားသောအဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ အစိုးရအုပ်ချုပ်ရေး ပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်းမပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်သည်။

““ငြိမ်းချမ်းရေး တည်ဆောက်မယ့် နေရာမှာ တပ်မတော်ရဲ့ သဘောထားကို ပြောတာပါ။ သူ့သဘောထားသူ ပြောတာပါ။ ကျွန်တော်တို့ကို လိုက်နာရမယ်လို့တော့ မပြောပါဘူး။သူ့သဘောထား ကိုယ့်သဘော ထားတော့ ရှိမှာပါ””ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါတွေ့ဆုံခဲ့မှုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး KNU မှဥက္ကဋ္ဌ စောမူထူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စောတာဒိုမှူးနှင့် နိုင်ငံရေး၊ စစ်ရေးအကြံပေး စောထူးထူးလေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဝိုင်းမော်(Myanmartandawsint Newspaper)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template