မကွေးတိုင်း စေတုတ္ထရာမြို့နယ်က မုန်းတမံ ရေကျော်ပြီလို့ နယ်မြေခံ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံက သိရပါတယ်။ ရေပိုလွှဲတွေက ထွက်ပေမယ့် ရေတွေဟာ တမံကို ကျော်ကျသွားတဲ့အတွက် စေတုတ္ထရာမြို့ပေါ်ရပ်ကွက်တွေ အားလုံးဟာ ရေထု ၁၀ ပေကနေ ၁၅ ပေအကြား ရေထုမြင့်တက်သွားပြီလို့ ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ဒီနေ့ခင်း ၁ နာရီခွဲမှာ ဆက်သွယ်မေးမြန်းထားပါတယ်။
မကွေးတိုင်း စေတုတ္ထရာမြို့နယ်က မုန်းတမံကြီးက ကြောက်စရာကောင်းတဲ့ အခြေအနေ ရောက်နေတယ်လို့ သိရပါတယ်။ ဘာတွေပြင်ဆင် ဆောင်ရွက်နေကြသလဲ။ အဲဒီဘက်က အခြေအနေကို ပြောပြပါ။
“စေတုတ္ထရာက ဒီတမံကနော်။ နောက်ဆုံးရတဲ့ သတင်းအရ ၅၅၅ ဒသမ ၂ ပေကို ကျော်သွားပြီ။ အဲ သူ့ရဲ့ခံနိုင်တဲ့ စိုးရိမ်ရေအမှတ်က ၅၄၅ ဆိုရင် တမံကို ကျော်သွားတာပေါ့။ တမံကြီးကိုပဲ ရေပိုလွှဲတွေက ထွက်သွားတာက မလုံလောက်တော့တဲ့အတွက် တမံကို ကျော်ကျသွားပြီ။ ကျော်ကျသွားတဲ့အတွက် စေတုတ္ထရာမြို့ပေါ်ရပ်ကွက်တွေ အားလုံးဟာ ရေထု ၁၀ ပေကနေ ၁၅ ပေအကြား ရေထုမြင့်တက်သွားပြီ စေတုတ္ထရာမြို့ပေါ်မှာ။ ပြီးခဲ့တဲ့ ၂ ရက်ကပဲ ကြိုတင်ဆော်သြမှုတွေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ မြို့သူမြို့သားတွေကို ရှောင်ရှားဖို့ ပြောထားတဲ့အတိုင်း သွားရောက်နေရာယူနေတဲ့ ပိတောက်မြိုင်ကုန်း၊ အထက ကျောင်းကုန်း၊ မီးသတ်ကုန်း။ အဲဒီကုန်းတွေပေါ်မှာ ရှိနေတဲ့ ပြည်သူတွေကတော့ ရေလွတ်နေတယ်။ သို့သော်လည်းပဲ အဲဒီမှာ အစားအသောက်တွေ ပြတ်လပ်မှုတွေ စဖြစ်နေသလို မိုးထဲ၊ လေထဲမှာ ၂ ရက် ၃ ရက်ကြာတာ ဖြစ်တဲ့အတွက် အမိုးအကာ လိုအပ်နေတဲ့ပြဿနာ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ဒီမှာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။”
ရေက တမံကို ကျော်ကျလာတာ ဒီကနေ့လား၊ မနေ့ကတည်းကလား။
“တမံကို မနေ့ကတည်းက ကျော်သွားတယ်။ ဒီကနေ့က အမြင့်ဆုံးအခြေအနေကို ရောက်သွားတယ်လို့ ဒေသခံတွေက အဓိက ပြောပါတယ်။ နောက်တချက်က အဲဒီ စေတုတ္ထရာတမံကနေ အောက်ဘက်ကို မိုင် ၂၀ မှာ အောက်တမံလို့ ခေါ်တဲ့ ပွင့်ဖြူနဲ့နီးတဲ့ ကြီးအုံကြီးဝတမံ ရှိနေတယ်။ အဲဒီ ကြီးအုံကြီးဝတမံကိုလည်း ဦးတည်ပြီးတော့ ဒီကရေက သွားနေတယ်။ နဂိုကလည်း အဲဒီမိုင် ၂၀ အတွင်းမှာ ရှိနေတဲ့ ရေပင်လယ်ကန်ကြီးအတွင်းက ရေထုပမာဏကလည်း ရှိနေတဲ့အတွက် ကြီးအုံကြီးဝတမံကလည်း စပီးဝေးလ်လို့ခေါ်တဲ့ ရေပိုလွှဲကလည်း ထွက်နေတာက နှစ်ပေါက်လုံးက တပြိုင်နက်တည်း ထွက်သွားရတဲ့အဆင့် ရောက်သွားပြီ။ ကျနော်တို့ ကြီးအုံကြီးဝတမံမှာ ရေပိုလွှဲ ၂ ပေါက်ရှိတော့ အဲဒီရေပိုလွှဲတွေကနေမှ လျှံထွက်သွားတဲ့အတွက် ကြီးအုံကြီးဝတမံကလည်း အမြင့်ပေ ၃၈၀ ရှိတာကို အခု ၃၇၀ ရှိသွားပြီ ရေက။ အဲဒီအတွက် စေတုတ္ထရာမြို့နယ် တခုတည်းတင် ထိခိုက်တာ မဟုတ်တော့ဘဲနဲ့ ပွင့်ဖြူမြို့နယ်ဟာ ရေဦးတိုက်တည့်တည့် ကြီးအုံကြီးဝ တမံကနေ ရေပိုလွှဲက ထွက်လာတဲ့ရေတွေ၊ မုန်းချောင်းက ရေတွေ၊ မယ်ဇလီရေလွှဲဆည်က ရေမထိန်းနိုင်တဲ့ရေတွေက ပွင့်ဖြူနယ် တနယ်လုံးကို ၀င်သွားတာ ဖြစ်တဲ့အတွက် နောက်ဆုံး ဒေသခံတဦးဖြစ်တဲ့ မယ်ဇလီက ဦးထွန်းထွန်းတို့၊ သရက်အုပ်က ကိုဝင်းဌေးတို့ရဲ့ သုံးသပ်မှုအရဆိုရင် ပွင့်ဖြူမြို့နယ် ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၀ ကျော်မှာ ၇၅ ရာခိုင်နှုန်းက ရေလွှမ်းသွားပြီဗျ။”
ရွာသားတွေ မြို့သားတွေက ကြိုတင်ပြီးတော့ ပြင်ထားတဲ့အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးတဲ့ အနေအထားကရော ဘာတွေ ကြားရလဲ။
“ကျနော်တို့ ပွင့်ဖြူမှာတော့ အသေအပျောက်တွေတော့ ရှိတယ်လို့တော့ ကြားတယ်။ အရေအတွက် အားဖြင့်တော့ မသိရဘူး။ နောက်ဆုံး သိရတာတော့ လူ ၁ ယောက် သေတယ်၊ ရွာအမည်တော့ မကြားရဘူး။ ဒါတွေကလည်း ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်နဲ့ ပတ်သက်လို့ အစိုးရဘက်က၊ အုပ်ချုပ်ရေးဘက်က ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။ ဒေသခံပြည်သူတွေနဲ့ အပြန်အလှန် သတင်းဖလှယ်ခြင်းလည်း မရှိဘူး။ အခုဟာက သတင်းမီဒီယာတွေနဲ့ ပြည်သူတွေနဲ့ လူထု အင်တာနက်စာမျက်နှာတွေကနေ တဆင့်သော်လည်းကောင်း။ ဖုန်းသတင်းသော်လည်းကောင်း။ ကျနော်တို့ CITIZEN JOURNALIST တွေ ဒီလို အနေအထားမျိုးတွေနဲ့ တယောက်နဲ့ တယောက်နဲ့ အပြန်အလှန် သတင်းပေးပြီးတော့မှ အလုပ်လုပ်ရတဲ့ အခြေအနေ ဖြစ်တယ်။ အခု ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း အစိုးရက အစောပိုင်းကာလမှာ မလုပ်ခဲ့သလို ဖြစ်ပွားနေတဲ့ကာလမှာ ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ နည်းပညာအပိုင်းတွေ၊ ငွေကြေးအပိုင်းတွေ၊ လူအင်အားအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်မှု လုပ်တာကိုလည်း ကျနော်တို့ မတွေ့ရဘူး။ ခုဟာက ပြည်သူပြည်သူချင်း ပြန်လည် စောင့်ရှောက်တယ်။ ဒါတွေကို မီဒီယာတချို့က လာရောက်ပြီးတော့မှ ဖော်ပြပေးတဲ့ အတွက်သာလျှင် ကျနော်တို့ အပြန်အလှန် ကူညီနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်ဗျ။”
အခု ဒီနေ့ခင်းပိုင်း ကောင်းကင်ပေါ်မှာ မိုးတိမ်တောင်တွေ အခြေအနေက ဘယ်လိုမြင်ရလဲ။
“မိုးက ကျနော်တို့ စကုလို နေရာမျိုးနဲ့ ချိန်ပြောရင်ကိုပဲ ကျနော်တို့ ဒီဒေသမှာ အနောက်ဘက်ကမ်းမှာ မိုးရွာတာ ဒီနေ့ရောဆိုရင် ၁၄ ရက်ရှိပါပြီဗျ။ အခုလည်း မိုးရွာနေတယ်၊ ညကလည်း မိုးရွာသွန်းမှုက သည်းသည်းမည်းမည်း ရွာထားတယ်။ အဲလို တပြိုင်နက်တည်းမှာ စေတုတ္ထရာမြို့ရဲ့ အရှေ့တောင်စွန်းစွန်းမှာ ရှိနေတဲ့ ငဖဲမြို့နယ်ကလည်း မန်းချောင်းကို ပိတ်ပြီးတော့မှ တည်ဆောက်ထားတဲ့ ငဖဲရေလှောင်တမံကလည်း ရေပိုလွှဲကနေ ရေလွှတ်ပေးရုံနဲ့ မနိုင်ဘဲနဲ့ ရေကို ဖောက်ချနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ကျနော်တို့ မင်းဘူးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စကုမြို့မှာလည်း မန်းချောင်းရေကြီးမှုကြောင့် ရပ်ကွက်တွေ ရေမြုပ်သွားပြီ။ မန်းချောင်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်ကလည်း အနိမ့်ပိုင်းတွေအားလုံး ရေ၀င်ပြီးတော့မှ ရေလွှမ်းသွားပြီ။ အဲဒီအတွက် အဓိကကတော့ မြို့ပြနဲ့ ကျေးလက်တွေ ဆက်သွယ်ရေးတွေ အားလုံးပြတ်တောက်သွားတာ ဖြစ်သလို စကု-မန်းချောင်းတံတားဟာလည်း သွားလာနိုင်ဖို့အတွက် ဒဏ်မခံနိုင်တော့တဲ့အတွက် ပိတ်ထားလိုက်ရပြီ။ နောက် ပွင့်ဖြူမြို့နယ်ကိုလည်း အ၀င်အ၀ စိုက်သိပ္ပံအနီးမှာရှိတဲ့ မြို့အ၀င်ဆိုင်းဘုတ်အနီးက မြောင်းနားမှာ လုံးဝ ပိတ်ဆို့သွားပြီးတော့မှ လူတရပ်လောက် ရှိနေတဲ့အတွက် လမ်းပန်းဆက်သွယ်မှုတွေအားလုံး ပြတ်တောက်သွားပြီ။ အဲလိုပဲ ပွင့်ဖြူမြို့နယ်မြောက်ဘက် မုန်းဦးတံတားကလည်း လုံးဝရေကျော်သွားပြီဖြစ်တဲ့အတွက် မြို့တွေက တမြို့နဲ့ တမြို့နဲ့ ပြတ်တောက်သွားတော့ အခု ဘာပြဿနာရှိသလဲဆိုတော့ ရေဘေးဒုက္ခရောက်နေတဲ့ ဒေသက ပြည်သူတွေကလည်း အကူအညီတွေ လိုအပ်နေတယ်။ သူတို့ကို ကူညီမယ့်၊ ကယ်တင်မယ့်သူတွေ အတွက်ကလည်း သွားပြီးတော့ ကူညီလို့ မရနိုင်လောက်အောင်အထိ ဖြစ်နေတဲ့အတွက် အတော်ကို အခက်အခဲဖြစ်နေတဲ့ အခြေအနေပဲ။ အခု ဒီမိုးရွာမှုတွေ၊ ရေကြီးမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ရှိနေမယ်ဆိုရင် စားရေးသောက်ရေး ကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ။ နောက်ဆက်တွဲ လူမှုပဋိပက္ခတွေ အများကြီး ဒီဒေသမှာ ဖြစ်လာနိုင်တယ်။”
အခုလောလောဆယ် နေရေးထိုင်ရေးထက် စားရေးသောက်ရေးပေါ့၊ ဘယ်ဟာ အရေးကြီးဆုံး ခက်ခဲလဲ။ ဘာအရင်ဆုံး လုပ်သင့်လဲခင်ဗျ။
“နှစ်မျိုးလုံး အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်ပွားတဲ့ ၁ ရက် ၂ ရက်အတွင်းမှာလည်း လူတိုင်းက ကိုယ့်အိမ်မှာ ဆန်ရှိနိုင်တယ်၊ ဆီရှိနိုင်သေးတယ်။ သို့သော် လုံလောက်သလားဆိုရင်တော့ ကူညီကယ်တင်ဖို့ လိုအပ်တယ်။ သာမန်ပြည်သူတွေကတော့ အဲလိုရှိနိုင်သော်လည်းပဲ လက်လုပ်လက်စားတွေကတော့ ဒီမိုး၊ ဒီလေနဲ့ ဒီအချိန်မှာ ၃၊ ၄၊ ၅ ရက် လက်လုပ်လက်စားတွေက အလုပ်ပြတ်သွားတယ်ဆိုတာနဲ့ တပြိုင်နက် စားရေး၊ သောက်ရေး ခက်ခဲသွားပြီ။ အဲဒါတပိုင်း။ အဲလို စားရေးကပဲ အရေးကြီးသလားဆိုတော့ မဟုတ်ဘူး။ ကျနော်တို့ နေရေးအတွက်ကလည်း ဒီတနယ်လုံးမှာ ပျံ့နှံ့သွားတာဖြစ်တဲ့အတွက် နိမ့်တဲ့အိမ်တွေက လုံးဝ နေလို့မရတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေမှာ နေရတဲ့အခါမှာလည်း ကျန်းမာရေးအရ အခင်း၊ အကာ မရှိတာတွေ၊ အေးစက်နေတဲ့ သမံတလင်းတွေမှာ အိပ်ရတာတွေ၊ စောင်အလုံအလောက် မရှိတာတွေ၊ ညဘက်ခြင်ကိုက်လို့ လူတွေမှာ နောက်ဆက်တွဲရောဂါ ဖြစ်ရတာတွေ၊ ကလေးတွေဆို ညဘက်မှာ လန့်ပြီးတော့ နိုးလာနိုင်တဲ့ ပြဿနာတွေ ဒါတွေ အများကြီးရှိတဲ့အတွက် နေရေးရော၊ စားရေးရော နှစ်ခုလုံးက အရေးကြီးတယ်ဗျ။ နေရေးစားရေးရဲ့နောက်ဆက်တွဲမှာ အခုကိုပဲ ၂ ရက် ၃ ရက်လောက် ကြာလာတဲ့အခါမှာ ကျန်းမာရေးအရ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဟာ ကျန်းမာရေး အင်မတန်ထိခိုက်တဲ့ အခြေအနေကို ဖြစ်လာတယ်။ အခု စကုမှာဆိုရင် ညက မန်းရေတိုးသလို မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ မြောင်းတွေကလည်း ရေတက်လာတဲ့အတွက် စကုဆေးရုံဟာ ည ၃ နာရီလောက်က မြို့ခံလူထုရဲ့ အကူအညီနဲ့ ဆေးရုံလူနာတွေ၊ ပစ္စည်းကိရိယာတွေ အားလုံးကို မြို့ပေါ်မှာရှိတဲ့ ပုညရှင်ဓမ္မာရုံမှာ ယာယီ ဆေးရုံဖွင့်ဖို့အတွက် ရွှေ့ပြောင်းလိုက်ရတဲ့ အခြေအနေ ဖြစ်သွားတယ်ဗျ။”
စားရေးသောက်ရေး နေရေးထိုင်ရေးနဲ့ဆိုရင် ငွေကြေးသုံးစွဲရမှာဖြစ်တော့ အုပ်ချုပ်ရေးပိုင်းက သမ္မတ အပါအ၀င်၊ လုပ်ငန်းရှင်ကြီးတွေမကျန် ဒီကိစ္စမှာ စိုက်ထုတ်သင့်သလား၊ ပံ့ပိုးသင့်သလား၊ ဘယ်လိုမြင်သလဲ။
“အခုချိန်မှာလေ ဗမာပြည် အနယ်နယ်အရပ်ရပ်မှာ တိုင်းနဲ့ပြည်နယ် ၁၁ ခုလုံးမှာလည်း ရေကြီးရေလျှံမှုတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေ ကြုံနေတော့ အားလုံးကတော့ လိုအပ်တဲ့လူတွေပဲ ဖြစ်တယ်။ အဓိက တာဝန်အရှိဆုံးကတော့ အစိုးရသာလျှင်ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အစိုးရကိုင်တွယ်နေတဲ့ ဘဏ္ဍာငွေဟာ ဦးသိန်းစိန်ပိုက်ဆံ တပြားမှ မပါဘူး။ အစိုးရကိုင်တွယ်နေတဲ့ ဘဏ္ဍာငွေဟာ အာဏာရပါတီပိုက်ဆံ တပြားမှ မပါဘူး။ ကျနော်တို့ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို ထိန်းသိမ်းပြီး ကိုင်တွယ်ဖြေရှင်းနေတဲ့ အစိုးရဟာ ဒီကနေ့ ပြည်သူတွေ အခုလို ဒုက္ခရောက်နေတယ်ဆိုရင် အဲဒီပြည်သူ့ဘဏ္ဍာငွေနဲ့ ပြည်သူ့ကို ပြန်ကူညီကုစားဖို့ကို လက်တွန့်မနေစေချင်ဘူးပေါ့နော်။ အခုဟာကတော့ လက်တွန့်နေတယ်ဆိုတာ အစိုးရဘက်က အင်မတန်မှ ထင်ရှားတယ်။ အခု ကျနော့်အိမ်မှာဆိုရင် မကွေးက တကသကျောင်းသားတွေ၊ ဗကသ ကျောင်းသားတွေ၊ ရှစ်ဆယ့်ရှစ် မြေလတ်ကျောင်းသားတွေ၊ မကွေးမြို့ပေါ်က အင်မတန် တာဝန်သိတတ်တဲ့ ပြည်သူတွေ၊ စကုမြို့ပေါ်က ပြည်သူတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ဒီရေဘေးအတွက် ဆန်တွေ၊ အခုဆိုရင် အိတ်တွေထုပ်ပြီးတော့မှ လှူဒါန်းဖို့ လုပ်နေကြတယ်။ အစိုးရက ဒါကို လုံးဝ လျစ်လျူရှုထားတယ်။ လျစ်လျူရှုတဲ့အပြင်မှာမှ တာဝန်ပျက်ကွက်မှုအပိုင်းက ဘာတွေရှိနေလဲဆိုတော့ ဆည်တွေက ရေဖောက်ချထားတဲ့ အခြေအနေတွေကို သိလျက်နဲ့ မြို့ကပြည်သူတွေ၊ ချောင်းဘေးဝဲယာက ပြည်သူတွေကို ဘယ်အချိန်မှာ ရေလွှတ်မယ်၊ ဘယ်နေရာကို ဘယ်နှနာရီမှာ ရေရောက်လာနိုင်တယ်ဆိုတဲ့ တိတိကျကျ သတင်းပေးမှုတွေ မရှိတဲ့အတွက် အစိုးရဘက်ကတော့ ဒီရေဘေးမှာ လုံးဝ၊ ဦးဝင်းတင်စကားနဲ့ပြောရင်တော့ အစိုးရကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူးလို့ ပြောချင်တယ်ဗျ။”
DVB