Cannot load player config
ပုပ်သိုးဆွေးမြေ့နေတဲ့ လူသေအလောင်းတွေပါဝင်တဲ့ သစ်သားလှေ ၁၁ စီးကို ဂျပန်နိုင်ငံကမ်းရိုးတန်းမှာ တွေ့ခဲ့တယ်လို့ ဟပ်ဖင်တန်ပို့စ်သတင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာ လူသေအလောင်းပါ လှေတစီးကို စတင်တွေ့ခဲ့တာဖြစ်ပြီး ကျန်တဲ့လှေတွေကိုတော့ နိုဝင်ဘာ နောက်ဆုံးအပတ်မှာ တွေ့ရှိခဲ့တာပါ။
အဲဒီလှေ ၁၁ စီးထဲမှာ အနည်းဆုံးလူသေအလောင်း ၂၅ ဦးတွေ့ခဲ့တယ်လို့ ဂျပန် နိုင်ငံအခြေစိုက် အန်အိပ်ခ်ျကေ သတင်းက ဆိုပါတယ်။
တွေ့ရှိခဲ့ရတဲ့ လူသေအလောင်းတွေထဲမှာ ၂ လောင်းက ဦးခေါင်းတွေမပါရှိဘဲ လှေ တစီးထဲမှာတော့ ဦးခေါင်းခွံ ၆ ခုတွေ့ရကာ အဲဒီလှေဟာ ပင်လယ်ထဲမှာ အချိန်အတန် ကြာ မျောနေခဲ့တာ ဖြစ်နိုင်တယ်လို့ ဂျပန်နိုင်ငံကမ်းရိုးတန်းစောင့်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး စင်ကာပူစထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
လှေတွေထဲက တစီးမှာတော့ ကိုရီးယားဘာသာစကားနဲ့ မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့ “ကိုရီးယားပြည်သူ့ တပ်မတော်” လို့ ရေးထားတဲ့ ပျဉ်တချပ်ကို တွေ့ရပြီး မြောက်ကိုရီးယားနိုင်ငံအလံလို့ ယူဆရတဲ့ ရွက်ဖျင်အပိုင်းအစကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ရေကြောင်းကျွမ်းကျင်ပညာရှင်တဦးကတော့ ဒီလှေတွေဟာ မြောက်ကိုရီးယားနိုင်ငံကနေ တခြားတဖက်ကို ကူးပြောင်းလာသူတွေဖြစ်ပုံရတယ်လို့ ပြောပါတယ်။
ယိုရှီဟီကိုယာမဒါက “လှေတွေဟာ သစ်သားတွေနဲ့လုပ်ထားပြီး လေးတယ်။ ဟောင်းနွမ်းနေတော့ သူတို့ မြန်မြန်ခရီးမဆက်နိုင်တော့ဘူး။ စက်တွေကလည်း ရေစီးထဲမှာ ပြန်ဆန်နိုင်ဖို့ အားမကောင်းတော့ဘူး” လို့ အန်အိပ်ခ်ျကေသတင်းဌာနကို ပြောပါ တယ်။
လှေတွေထဲက တချို့မှာ ငါးမျှားချိတ်တွေ၊ ပိုက်တွေ၊ ကင်းမွန်ဖမ်းရာမှာ အသုံး ပြုတဲ့ မီးလင်းပစ္စည်းတွေ စတဲ့ ငါးဖမ်းကိရိယာတွေပါတာမို့ ဒါဟာ ငါးဖမ်းထွက်ရင်း ဒုက္ခ ရောက်ခဲ့ကြတာဖြစ်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မယ်ဂျီတက္ကသိုလ် နိုင်ငံတကာရေးရာဌာန ဧည့်ပါမောက္ခ ဂျွန်အိုကူမူယာကတော့ “ခုတွေ့ရသူတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လွှမ်းမိုးမှုအောက်မှာ မတည်ငြိမ်တဲ့ အရေးတကြီး အခြေအနေတမျိုးမျိုး ရင်ဆိုင်ခဲ့ရလို့ အချိန်တိုအတွင်းမှာ လွတ်မြောက်ဖို့ ကြိုး စားခဲ့ရတာဖြစ်နိုင်တယ်” လို့ တယ်လီဂရပ်ဖ်သတင်းကို ပြောပါတယ်။
DVB