Headlines News :
Home » » မွန်တွင် ဖမ်းမိလိုင်စင်မဲ့မော်တော်ယာဉ် ၃၀၀ နီးပါး လေလံတင်ရောင်းချ

မွန်တွင် ဖမ်းမိလိုင်စင်မဲ့မော်တော်ယာဉ် ၃၀၀ နီးပါး လေလံတင်ရောင်းချ

Written By Live100 on Monday, November 30, 2015 | 10:16 PM


Dawei Watch| မော်လမြိုင်၊ နိုဝင်ဘာ ၃၀

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်များအနက် တရားရုံးမှ စိစစ်ပြီး မော်တော်ယာဉ် ၂၉၁ စီးကို တတိယအကြိမ်အဖြစ် လေလံတင် ရောင်းချသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မော်တော်ယာဉ်လေလံတင်ရောင်းချမှုကို ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး မော်လမြိုင်မြို့တွင် ရောင်းချသွားမည်ဟု မော်တော်ယာဉ်လေလံထုခွဲရောင်းချရေးကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

 “ဒီတစ်ခေါက်တော့ ပြီးတော့ အရင်ပစ်တဲ့ကာလနဲ့ အခုပစ်တဲ့ကာလက အချိန်တိုတယ်။ ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက်က အချိန်ကြာတယ်၊ အချိန်ကြာတော့ ကားတွေက ပျက်စီးတယ်။ ဒီတခေါက်ကတော့ ကားတွေ နည်းနည်းသန့်တယ်လို့ ပြောတယ်၊ ပစ်တဲ့အချိန်တိုတယ်လေ” ဟု ၎င်းက ပြောသည်။

လေလံပစ်မည့်မော်တော်ယာဉ်ဈေးနှုန်းကို အကြမ်းဖျင်းအားဖြင့် မော်တော်ယာဉ်အခြေအနေ၊ လက်ရှိ စလစ်ပေါက်ဈေး၊ ပြင်ပမော်တော်ယာဉ်ပေါက်ဈေး၊ နိုင်ငံခြားမှ တင်သွင်းပြီး ဆိပ်ကမ်းအရောက်တန်ဖိုး၊ ပြန်ပြင်ရမည့် ယာဉ်များကိုလည်း ပြင်ခ စသည့်အခြေခံအချက်များအပေါ် မူတည် တွက်ချက်ထားသည်ဟုလည်း ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

လေလံတင်ရောင်းချခြင်းစည်းမျဉ်း စည်းကမ်းအရ လေလံစွဲသူများက ငွေကျပ်သိန်း ၂၀ စပေါ်ငွေ ပေးသွင်းရမည်ဖြစ်ပြီး လေလံအောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ယင်းငွေ သိန်း ၂၀ ပြန်လည်ထုတ်ပေးမည်ဖြစ်သော်လည်း လေလံအောင်ပြီး မော်တော်ယာဉ် မဝယ်သူများကကို စပေါ်ငွေ ကျပ်သိန်း ၂၀ ကို ပြန်လည်ထုတ်ပေးမည်မဟုတ်ဟု သိရသည်။

ပြီးခဲ့သည့် မွန်ပြည်နယ် မော်တော်ယာဉ်လေလံတင်ရောင်းချပွဲတို့တွင် နယ်ခံများ လေလံစွဲမှုနည်းပြီး ရန်ကုန်နှင့် မန္တလေးမှ ကားပွဲစားများ လာဆွဲကြကြောင်း မော်လမြိုင် ကားပွဲစားအသိုင်းအဝိုင်းတို့က ပြောသည်။

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို တရားရုံးမှ စိစစ်ပြီးဖြစ်သည့် မော်တော်ယာဉ်များကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က မော်တော်ယာဉ် ၈၈ စီးကိုလည်းကောင်း ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မော်တော်ယာဉ် ၁၅၀ စီးကိုလည်းကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မော်လမြိုင်မြို့တွင် လေလံတင် ရောင်းချခဲ့ပြီဖြစ်သည်။

ပထမအကြိမ် ရောင်းချခဲ့သည့် ၈၈ စီးမှာ ၇၇ စီး လေလံအောင်ခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၈ ထောင်ကျော်ရရှိကာ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့သည့် မော်တော်ယာဉ် အစီး ၁၅၀ အနက် ၁၃၁ စီး လေလံအောင်ခဲ့ပြီး ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော်ရရှိသည်ဟု မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် နယ်စပ်မှတဆင့် တရားမဝင် ခိုးသွင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမည့် စီမံချက်ဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ဦးဆောင်ပြီး မော်လမြိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိသည့် မြန်မာပြည်အထက်ပိုင်း မြို့ကြီးများသို့ သယ်ဆောင်ရောင်းချသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလခန့်က စတင်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိထားသည့် တရားခံပါ မော်တော်ယာဉ်များကို သွင်းကုန်၊ ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး ပိုင်ရှင်မဲ့ယာဉ်များကို ပုဒ်မ ၅၂၃၊ ၅၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များသည် နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမှတဆင့် မြန်မာပြည်အနှံ့ ပို့ဆောင်ကာ အထူးသဖြင့် ထိုင်းနယ်စပ်နှင့် အနီးစပ်ဆုံးဖြစ်သည့် ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာ လိုင်စင်မဲ့ မော်တော်ယာဉ် အသုံးပြုမှုများပြားပြီး သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးမှုပြုလုပ်နေသော်လည်း လိုင်စင်မဲ့ယာဉ် အသုံးပြုမှု များပြားဆဲဖြစ်သည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template