Headlines News :
Home » , » မောင်းမကန် ကမ်းခြေ မြေယာကိစ္စ ဒေသခံ များ ထားဝယ် အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့

မောင်းမကန် ကမ်းခြေ မြေယာကိစ္စ ဒေသခံ များ ထားဝယ် အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့

Written By လွင့်မောင်မောင် on Tuesday, July 31, 2012 | 8:05 AM


နင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်တွင် ဟိုတယ် တည်ဆောက်ရန်  ကမ်းခြေ တစ်လျှောက် မြေဧက ၄၀၀ ခန့်အား လုပ်ပိုင်ခွင့် ရသည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) အား မောင်းမကန် ဒေသခံ များက အချက် လေးချက် ပါဝင်သည့် အိတ်ဖွင့် ပေးစာကို ဇူလိုင်လ ၂၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင် များအား ဘူဒိုဇာ များဖြင့် ရှင်းလင်း သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန် ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီး ချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။
ကြိုးပြင် ကာကွယ်တော အတွင်း ကျရောက် နေသည့် ဒေသ တစ်ခုလုံးအား မြေယာ ပိုင်ဆိုင်မှု အခိုင်အမာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူ့လွှတ်တော်အား တိုက်တွန်း ပေးရန်၊ စီမံကိန်း အတွက် အမှန်တကယ် လိုအပ်သည့် မြေ ဧရိယာကိုသာ ယူရန် လုပ်ပိုင်ခွင့် ရသည့် မြေအား ဒေသခံ များ၏ သဘောထား မပါဘဲ လွဲပြောင်း၊ ရောင်းချ ခြင်း မပြုရန် နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် မည်သည့် လုပ်ငန်းများ ဆောင်ရွက် မည်ကို တိကျခိုင်မာ ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် စသည့်အချက် ၄ ချက်ဖြင့် ပေးပို့ခဲ့သည်။
ကုမ္ပဏီအနေဖြင့် မည်သည့် လုပ်ငန်းများကို မည်သို့ ဆောင်ရွက်မည် မြေဧက မည်မျှခန့်လိုမည်ကို တိတိပပ မပြောနိုင်ဟု မောင်းမကန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။
မောင်းမကန် ကျေးရွာ၏ မြောက်ဘက် မောင်းမကန် ကမ်းခြေနှင့် ပန်းတင်အင်း ချောင်းကြား မြေနေရာတွင် ဒေသခံများ၏ သဘောထားကို မေးမြန်း စုံစမ်းခြင်းမရှိဘဲ စက်ယန္တရားများ အသုံးပြု ရှင်းလင်းသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။
“လုံးဝ မကျေနပ်ဘူး။ ဘယ်သူ့ကိုမှ အသိမပေးဘဲ သူတို့ဟာ သူတို့ လုပ်နေကြတယ် ” မောင်းမကန် ဒေသခံ ဦးထွန်းခင်က ဖွင့်ဟသည်။
ယခုလက်ရှိ အချိန်တွင် မောင်းမကန် ကျေးရွာအပါအ၀င် ကျေးရွာ ဆယ်ရွာခန့်သည် ၂၀၀၁ ခုနှစ်မှစပြီး  ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ တရားဝင် မြေခွန်များ ရပ်စဲသွားကြောင်း ဒေသခံများ၏ အကြုံပြုစာတွင် ဖော်ပြသည်။
ကြိုးပြင်ပ ကာကွယ်တော ဧရိယာအတွင်းရောက်နေသည့် ရွာများအား ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ်မှ ပယ်ဖျက် ပေးရန်အတွက် တိုင်းဒေသကြီး အစိုးရထံသို့လည်း တောင်းဆိုရန် အစီအစဉ်ရှိသည်ဟု ဦးဇော်ဝင်းက ပြောသည်။
“ရွာတွေကို ကြိုးပြင် ကာကွယ်တော အဖြစ်က ပယ်ဖျက်စေချင်တယ်” ဟု ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောသည်။
မောင်းမကန် ဒေသခံများမှ ပေးပို့သည့် စာကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို ဇူလိုင်လ ၂၆ ရက်နေ့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ အစည်းအဝေးပြီးမှ သိနိုင်မည်ဖြစ်ကြောင်း DDPC ရုံးထံမှ သိရသည်။
“သြဂုတ်လဆန်းပိုင်းမှာ လာပြီးတော့ သေသေချာချာ ရှင်းပြဖို့ရှိပါတယ်” ဟု DDPC ကုမ္ပဏီ၏ ဥက္ကဌ  ဦးခင်စိုးက တယ်လီဖုန်းမှတဆင့် ပြောကြားသည်။
စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို  ထင်သာမြင်သာ ဖော်ပြ တိတိကျကျ ပြောပြမှ သာလျှင် ဒေသခံများအနေဖြင့် တိကျသည့် ဆုံးဖြတ်ချက်ကို ချနိုင်မည်ဟု မောင်းမကန် ဒေသခံ ကိုယူသိန်းက ဆိုသည်။
“ အခုက သုံးမယ့် ဧရိယာ ဘယ်လောက်ဆိုတာကိုလည်း မပြောနိုင်ဘူး” ဟု ကိုယူသိန်းက ထောက်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှလည်း သုံးသပ်အကြုံပြုချက် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဇူလိုင်လ ၂၃ ရက်နေ့ ၊ မောင်းမကန် ဒေသခံများနှင့် တစ်ရက်တည်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သို့ ပေးပို့ခဲ့သည် ။

ယင်းကဲ့သို့ မြေယာ ပြဿနာများဖြစ်ရခြင်းသည် မြေယာ ဥပဒေ၏ လျော့ရဲမှု ၊ ဒေသခံများ၏ ဗဟုသုတ နည်းပါးမှု နှင့် ကျေးရွာ အုပ်ချူပ်ရေးမှုးအပါအ၀င် ဌာနဆိုင်ရာများ၏ ပေါ့လျော့မှုကြောင့်ဟု ထားဝယ် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ဦးကျော်ကျော်သက်က သုံးသပ်သည်။
DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာမှာ ကမ်းခြေမြောက်ပိုင်းဖြစ်ပြီး ကမ်းခြေတောင်ပိုင်း ဧရိယာသည် ၃၇၀ ဧက ကျော်ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာန (ကြည်း) ပိုင် မြေဖြစ် သတ်မှတ်ထားသည်ဟု ဒေသခံများက ပြောသည်။
DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာတွင်းရှိ သီဟိုဠ်ပင်များကို မောင်းမကန်ကျေးရွာအုပ်စုဝင် အိမ်ခြေ ၁၂၀ ခန့်ရှိသည့် ကဗွီးနှစ်ပင်ကျေးရွာနှင့်  အိမ်ခြေ ၃၀၀ ခန့်ရှိသည့် အံတောပြင်ကျေးရွာ နှစ်ရွာမှ အခြေခံ လူထု အများစုမှီခိုသည်ဟု ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
“ဒေသခံတွေရဲ့ အကျိုးကိုလိုလားပြီး သူတို့ ဘ၀ စာနာနိုင်တဲ့ ဒါရိုက်တာ အဖွဲ့ဖွဲပြီး ညှိနှိုင်း ဆောင်ရွက်သင့်တယ်” ဟု ဦးကျော်ကျော်သက်က အကြံပြုသည်။
ထားဝယ်ဒေသဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (DDPC) အား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ပြီး အမှုဆောင် ဒါရိုက်တာ ၄၆ ဦး ၊ ဒေသခံ အစုရှယ်ယာရှင် ၆၀၀ ကျော်နှင့် စတင် တည်ထောင်ခဲ့ပြီး ထားဝယ်ဒေသတွင် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေသည်။
From Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template