Thursday, July 05, 2012
~
ဘာရာဒွါဂျာ (မြန်မာပြည်)
"---တစ်ချိန်က ကောင်လေးက မူးလို့ ကောင်မလေးက ထိန်းကြရသည်။ ဒီမိုကရေစီရတော့ ကောင်မလေးက ခေါင်းမဖော်နိုင်အောင်မူးသည်---"
ဤဆောင်းပါးကို
မရေးမီ ပြောလိုသည်မှာ ကျွန်မသည် နိုင်ငံရေးသမားမဟုတ်ပါ။ သို့သော်
နိုင်ငံအရေးကို စိတ်ဝင်စားမှု အပြည့် ရှိပါသည်။ ဤနိုင်ငံတွင်
မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည့်အလျောက် ဤနိုင်ငံကို မင်းလုပ်
အုပ်ချုပ်သောသူများနှင့် သူတို့၏ ဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များသည်
ကျွန်မ အတွက် အရေးပါလာရပါသည်။
နိုင်ငံရေးသမားမှ တိုင်းပြည်အရေးကို
စိတ်ဝင်စားရသည် မဟုတ်ပါ။ နိုင်ငံရေးဆိုသည်က တိုင်းပြည်တွင်
မှီတင်းနေထိုင်သူ လူသားအပေါင်းနှင့် သက်ဆိုင်သည် ဆိုသော်ငြားလည်း
တိုင်းပြည် အုပ်ချုပ်ပုံ နည်းနာ နိဿယများကို ပြောကြဆိုကြလျှင်ဖြင့်
လုပ်ဖော် ကိုင်ဖက်များနှင့် မိသားစုဝင်များက နိုင်ငံရေးတွေ မပြောနဲ့၊
ဆန္ဒဖော်ထုတ်သူများစုဝေးရာကို မသွားနဲ့ စသည်ဖြင့် တားကြ ဆီးကြပါသည်။
သမိုင်းကြောင်းနောက်ခံက လူကို အကျင့်ပါစေသည်ကိုး။
ကျွန်မသိသရွေ့
ဒီမိုကရေစီဆိုတာ တိုင်းပြည်ကို အုပ်ချုပ်မည့် လမ်းစဉ် တစ်ခုပါ။
တစ်ပါတီစံနစ် တုန်းက အုပ်ချုပ်ပုံမျိုး မဟုတ်ဘဲ အစိုးရ ဖွဲ့စည်းခွင့်ရသော
ပါတီဝင်တွေသာမက လွှတ်တော်ထဲတွင် အတိုက်အခံ ပါတီဝင်များလည်း ရှိနေမည်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့် စသည့် အခွင့်အရေး ရမည်။
သို့သော်
……… လွတ်လပ်ခြင်းသည် စည်းကမ်းမဲ့ခြင်း မဟုတ်။ ဒီမိုကရေစီ ဆိုသည်မှာ
ဘောင်းဘီတိုကပ်ကပ်လေးကို ရင်လုံရုံမျှ ဗိုက်သားဖော်ကာဝတ်ခြင်း မဟုတ်။
ကျွန်မကို သမီးက မေးသည်။ မေမေ ဒီမိုကရေစီရပြီ ဆိုတော့ အဲဒီလို
ဝတ်ရမယ်လို့ဆိုလိုတာလား ..တဲ့။
ဝတ်စားဆင်ယင်မှုသည် ယဉ်ကျေးမှု၊
လူကြီးသူမရှေ့တွင် ခေါင်းငုံ့ကာ ဖြတ်လျှောက်ရသည်မှာ ယဉ်ကျေးမှု၊
လမ်းမပေါ်တွင် လူကူးမျဉ်းကျားတွင် လမ်းဖြတ်ကူးသူရှိလျှင် ကားရပ်ပေးရမည်မှာ
ယဉ်ကျေးမှု။
ဒီနှစ် နွေရာသီက အတော်ပူပြင်းခဲ့သည်။ ဖြူလွလွ
ချည်သားများကို လက်စကလောက် ချုပ်ဝတ်ကာ စာသင်သွားခဲ့ရသည်။ လမ်းမပေါ်တွင်မတော့
ကျောဗြောင်သား၊ ကြိုးတစ်လုံး အင်္ကျီလေးများနှင့်။ အော် ငါ့နှယ်…………
နေရောင်ရှားပါးသော
နိုင်ငံများက နေထိအောင် ၀တ်ကြရသည်လေ။ တစ်နှစ်လုံးမှ ရက်ပိုင်းလောက်
နေရောင်က ထိသည်ကိုး။ သည်မှာက တစ်ဆယ့်နှစ်ရာသီပတ်လုံး နေရောင်က
ပြိုးပြိုးကိုလက်နေသည်ပဲ။
ကျွန်မအကျီင်္များကို ချုပ်သည့် အစ်မကြီးကလည်း ကြိုးတစ်လုံးဂါဝန်နှင့်.။ နောက် သူက ဆိုသေးသည်။
သြော်….
ကျွန်မတို့ တိုင်းပြည်က ဆရာမတွေလည်း သနားပါတယ်၊ ဒီလောက်ပူတာတောင် အကျီင်္က
လက်စက ၀တ်ရသေးတယ်၊ ကျွန်မတို့ဆီက လူတွေသက်သောင့်သက်သာဖြစ်တာကို
ဦးစားမပေးဘဲ မြန်မာ့ယဉ်ကျေးမှုဆိုတာနဲ့ကို ကိုင်ပေါက်နေတော့တာ …
သူလည်း တတ်သမျှမှတ်သမျှ တွေးခေါ်ကာ ကျွန်မ အတွက် အကျီင်္ လက်စက အတွက် ကိုယ်တိုင်း ယူရင်း ဆိုရှာသည်။
သြော် …….. ယဉ်ကျေးမှုဆိုတဲ့ အရာကြီးကို လူလောကပတ်ဝန်းကျင်က တမင်တကာ
ဖန်တီးယူကြသည်ဟု အောက်မေ့နေကြသည်ကိုး။ ရှေးအဆက်ဆက်က ဖန်တီးဆင်ယင်လာသမျှတို့
သည် မိမိနေထိုင်ကျက်စားရာ ရေမြေသဘာဝ အပေါ်တည်မီကာ တည်မြဲလာခဲ့သည်ပဲ။
သူ့နိုင်ငံ၊ သူ့ ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်အစားများက ဆက်လက်
တည်မြဲကာ ကျန်ရစ်သည် ဆိုကတည်းက အဆင်ပြေမှု ရှိသည့်အတွက်ပင်။ ထဘီဝတ်ပုံနှင့်
ပုဆိုးဝတ်ပုံပင် မတူ။
ခုတော့ နေပူကျဲကျဲအောက်တွင်
ကျောအပြောင်သားနှင့် ဂျင်းဘောင်းဘီက ပေါင်ရင်းအဆုံးတွင်။ ပူလောင်လိုက်မည့်
မိတ်ကပ်တွေက အဖွေးသား။ နားထင်က စီးကျနေသည့် ချွေးပေါက်များ။ တချို့ကလည်း
အတွင်းအင်္ကျီက ကိုယ်ကျပ်၊ အပေါ်အကျီင်္တိုတိုလေးက နိုင်လွန်ဇာ။
ယောက်ျားလေးများကြည့်လိုက်လျှင်လည်း
အကျီင်္မည်းမည်း၊ ဂျင်းဘောင်းဘီကျပ်ကျပ် ရှည်ရှည်ကြီးနှင့် ဆံပင်က
ထိုးထိုးထောင်ထောင်။ ချွေးကွက်တွေက အင်္ကျီအနက်ရောင်မှာပင် အထင်းသား။
ကိုရီးယားက အေးခဲနေသည်မို့ ဆိုဂျုလေး ကူရသည်က ဓလေ့တစ်ခု။ ပူလောင်တဲ့
မြန်မာပြည်မှာ ဆိုဂျုက ဦးနှောက်သွေးကြောပြတ်နိုင်သည်လေ။ သို့ပေမယ့်လည်း
ရေပွဲနွှဲသည့် သည်သင်္ကြန်မှာ ပြင်းလှတဲ့နေပူပြင်းအောက်မှာကို မိန်းကလေး၊
ယောက်ျားလေးမရွေး ဆိုဂျူနဲ့ ဘီယာနဲ့။ တစ်ချိန်က ကောင်လေးက မူးလို့
ကောင်မလေးက ထိန်းကြရသည်။ ဒီမိုကရေစီရတော့ ကောင်မလေးက
ခေါင်းမဖော်နိုင်အောင်မူးသည်။ သြော် ကောင်လေးက ပွေ့ကာထိန်းရတော့သည်။
မ၀ံ့မရဲမရှိ။
ကျန်းမာရေးအရ နံနက်ခင်းလမ်းမလျှောက်နိုင်တော့
ညနေခင်းလေးရွေးကာ လျှောက်ရသည်။ ကန်တော်ကြီးကန်ပတ် တံတားလေးက
လျှောက်လို့အတော်ကောင်းသည်။ ရေပြင်နှင့် ကြာနှင့်။ ဘုရားနှင့် စိမ်းစို့သော
သစ်ပင်အုံ့အုံ့နှင့်။ တံတားပေါ်ရောက် အသက်ကို ပြင်းပြင်းရှုကာ ရင်ကိုကော့
ပြီး လမ်းကို လျှောက်ရင်းခေါင်းက တဖြည်းဖြည်းငုံ့မှန်းမသိ၊ ငုံ့လာသည်။
တံတားပေါ်မှာ ချစ်သူစုံတွဲတို့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့
ပွေ့ကာပိုက်ကာ တိုးကာ ဝှေ့ကာ၊ နောက် ... ရှုကာရှိုက်ကာ
အနမ်းပန်းလေးပင်ချွေလို့ရောက်နေကြသည်။ ကျွန်မတို့ ဗမာများ အတွက်တော့
ယိုသူမရှက်၊ မြင်သူရှက်စရာပေပဲကိုး။
ဒီလိုနှင့် ပုဝါတစ်ကမ်း၊
လက်တစ်လှမ်း ဆိုသော မြန်မာ့ယဉ်ကျေးမှု ............. ဒီမိုကရေစီစံနစ်နှင့်
လားလားမျှ မဆိုင်ဘဲ ပျောက်သွားပါရော့လား။