Headlines News :
Home » , » နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့မည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့မည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

Written By လွင့်မောင်မောင် on Tuesday, August 14, 2012 | 2:32 PM

Tuesday, 14 August 2012 13:05

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ အသိ စိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားမှုမှာ လွှတ်တော် ကော်မတီများသည် ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ် တင်ပြီး နုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးမှ စုပေါင်း လက်မှတ် ရေးထိုးကာ သြဂုတ်လ ၈ ရက်နေ့က လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် တင်ပြလာသည့် အတွက် ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်မည့် နည်းလမ်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုရာ၌ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်ပါသည်။

" လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံ ပေးပို့ အကြောင်းကြားပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက် စေ‌ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ခွင့် ပြုစေလိုပါတယ်။ မိမိ ဆောင်ရွက်လို သည်မှာ လွှတ်တော် ကိုယ်စားလှယ်များအတွင်း ဖြစ်ပေါ် နေသောဆန္ဒနှင့် သဘောထားများကို နိုင်ငံတော် သမ္မတသိရှိစေပြီး ကောင်းမွန် မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စေေ ရးအတွက် ရည်ရွယ်ပါတယ်။
ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး သို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃/ညမ (၁)၃-၁ (၉၂)နပတ(၇၂)အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည် ရုပ်သိမ်း ပေးပါရန်နှင့်  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  ၎င်းတို့၏ အသိ စိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်း တို့ကို ဆောင်ရွက် ပေးရန်နှင့် ထိုသို့ ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၁) ရက်နေ့ မတိုင်မီ အပြီး ဆောင်ရွက်ပေးပါရန်၊ ထိုသို့ ဆောင်ရွက် ပေးပါက ကိုယ်စားလှယ်များ ဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက် ဆောင်ရွက်မှု ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ရေးသား ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသဘောထားနှင့် ဆောင်ရွက်မှုကို လွှတ်တော်အား အသိပေး တင်ပြခြင်းဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါသည်။

ထို့အပြင် ယခုကဲ့သို့ စွပ်စွဲပြစ်တင်သည့် ကိစ္စရပ်ကို ဖြေရှင်းဆောင်ရွက်ရာ၌ လွှတ်တော် ကိုယ်စားများက တရားနည်းလမ်းကျစွာ တင်ပြတောင်းဆိုလာခြင်းနှင့် တာဝန်ပေးမှုကို လက်ခံဆောင်ရွက်ပေးရန် နားလည်သဘောပေါက်သည့်နည်းတူ စွပ်စွဲ ပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း တစ်ခုခု ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းမှု ပြုနေချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သည်းခံစိတ်ထားပြီး ခေတ္တခဏ စောင့်ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါသည်။

" လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များက တရား နည်းလမ်းကျစွာ တင်ပြ တောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန် ပေးမှုများအား လက်ခံ ဆောင်ရွက်ပေးရမည်ကို မိမိနားလည် သဘောပေါက်ပါတယ်။ သို့ရာတွင် ဤလို စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ခြင်းကိစ္စရပ် များကို  အလျဉ်း မပြုလုပ်လိုပါ။ လွှတ်တော် ကိုယ်စားလှယ်များ တွင်လည်း မိမိထက် မနည်းသော စိတ်စေတနာ ကောင်းများ ရှိကြလိမ့်မည်ဟု ယုံကြည်ပါတယ်။  သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း  တစ်ခုခုဖြစ်မြောက်ရေး အတွက် ကြိုးပမ်းမှုပြုနေချိန်တွင် လွှတ်တော်  ကိုယ်စားလှယ်များအနေဖြင့် သည်းခံစိတ်ထားရှိ၍ ခေတ္တခဏ စောင့်ဆိုင်း ပေးစေလိုပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉၁ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန်အတွက် အရေးကြီး အဆိုတင်သွင်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက စီစဉ်ခဲ့သည်။
သို့သော် ထိုကိစ္စရပ်အား ဆိုင်းငံ့ခဲ့ပြီး  ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ခေါ်ယူတွေ့ဆုံ၍ ပြေလည်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ သွားရောက် ရှင်းလင်းတင်ပြစေခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ ရှင်းလင်းမှုတွင် နိုင်ငံတော်သမ္မတက ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောဆိုခဲ့သဖြင့်  ဆက်လက် ဆောင်ရွက်ခြင်းပြုဘဲ ရပ်ဆိုင်း ထားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်း မရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော် ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ခံစားမှုများ ကြီးမားလာကာ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက  လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အဆင့်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးအနေဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့်  ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း" ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားပြီး ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း ၊ဦးဆန်းမြင့် ၊ ဦးမြင့်ကြိုင်နှင့် ဒေါ်မိမိရီ တို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template