Headlines News :
Home » » မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား

မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား

Written By လွင့်မောင်မောင် on Wednesday, August 15, 2012 | 6:45 PM


မောင်ဝံသ ~


"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်"


မြစ်ဆုံ ရေကာတည် တည်ဆောက်ရေး စီမံကိန်း မြင်ကွင်းတခု

ပြည်သူ့ခေတ်ဂျာနယ် ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး

ခုရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီကို ပြည်သူ့ခေတ် ပုံမှန် ပရိသတ်တချို့က အီးမေးလ်တွေပို့သူကပို့၊ တယ်လီဖုန်း ဆက်သူကဆက်ပြီး မေးကြမြန်းကြတာ အရင်ကထက် ပိုများလာသလားအောက်မေ့တယ်။ အထူးသဖြင့် မတရား မြေသိမ်းခံရသူတွေ၊ အစိုးရကို မြေနဲ့ အဆောက်အဦ ငှားရမ်းခဲ့ရာက ပြန်မပေးဘဲ ဘော်လီဘော အပုတ်ခံရသူတွေက ရင်ဖွင့်ကြတယ်။ ဂျာနယ်မှာ ထည့်ပြီး လူကြီးတွေ သိအောင် လုပ်ပေးပါလို့ တောင်းဆိုကြတယ်ဗျာ။ သူတို့ဖြစ်စေချင် တာကို သူတို့ကိုယ်စား မီဒီယာက ပြောပေးပါလို့ တောင်းဆိုတာ သဘာဝ ကျပါတယ်။ ကျွန်တော်တို့ကလည်း အဲသလို ပရိသတ်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်လို သဘောထားခြင်းခံရတာကို လွန်စွာမှ ပီတိ ဖြစ်မိပါသဗျ။

ရေတက်ငါးစင်ရိုင်းတွေ မဟုတ်ပါ


မေးခွန်းတစ်ခုကတော့ ထူးခြားတယ်ဗျာ။ "ခင်ဗျားတို့ မီဒီယာသမားတွေ ငါးပွက်ရာ ငါးစာချ မလုပ်ကြနဲ့နော်၊ မြစ်ဆုံကိစ္စ 'ရေကျ'သွားပြီလား၊ ခင်ဗျားတို့ဟာ ရေတက် ငါးစင်ရိုင်းတွေလား၊ နောက်ဆက်တွဲ သတင်းတွေ ခင်ဗျားတို့ စာဖတ် ပရိသတ်ကို ဆက်ပြောဖို့ တာဝန် မရှိဘူးလား။ ပွဲပြီးမီးသေ ဖြစ်သွားပြီလား၊ ပွဲကကော ပြီးသေးလို့လား" တဲ့၊ မေးခွန်းတွေ ဆက်တိုက် ထုတ်သဗျ။

တကယ်ကတော့ ကျွန်တော်တို့ဟာ ရေတက်ငါးစင်ရိုင်းတွေ မဟုတ် ရပါဘူးဗျာ။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းခိုင်း လိုက်တဲ့နောက်ပိုင်း တစ်နှစ်နီးပါးကာလအတွင်း နောက်ဆက်တွဲသတင်းတွေကို နားစွင့်ပြီး စုဆောင်းနေခဲ့တာပါ။ ဆောင်းပါး ရေးသင့်တာတွေလည်း ရေးခဲ့တာပါပဲဗျာ။ ပုံနှိပ်ဖော်ပြခြင်းမပြုနိုင်တာတွေထဲက တချို့ကို ကျွန်တော့် င်္ခေန သြသု မှာ တင်ခဲ့လို့ ဖတ်မိသူတွေလည်း ရှိခဲ့ပါတယ်။

ကန့်ကွက်လက်မှတ်ထိုးခဲ့


ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတော့ မြစ်ဆုံဆည်စီမံကိန်းဟာ ဧရာဝတီ မြစ်ကြီးကို ထိပ်စက ပိတ်ပြီး ဧရာမ ရေကာတာကြီး တည်ဆောက်မယ် ဆိုတာ သိလိုက်ကတည်းက ကန့်ကွက်ပါတယ်ဆိုပြီး ဦးဆုံး လက်မှတ်ထိုးတဲ့ စာရင်းမှာ ပါခဲ့တာပါပဲ။ နောက်ထပ် အချက်အလက် အသစ်တွေ (ဧရာဝတီမြစ်ကြီး ပျောက်ကွယ် သွားသည်အထိ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ အခန့်မသင့်ရင် မြစ်ကြီးနား မြို့ကြီင်္း ရေအောက်ရောက်သွား နိုင်တဲ့ အန္တရာယ်တွေ) ထပ်သိရတော့ ပို၍ ပို၍ ကန့်ကွက်ပါတယ်။ ဆည်ဝင်ဆောက်သူတွေနဲ့ ဓာတ်အားအကျိုးအမြတ် ခွဲဝေယူမယ့် အချိုးကို သိတော့ အဆများစွာတိုးပြီး ကန့်ကွက်ပါတယ်။ ဘယ်သူတွေကို ပေးတယ်ဆိုတာ မသိဘဲ ပွဲခ ၁၀ရာခိုင်နှုန်း ပေးနေရမယ်ဆိုတာ သိရပြန်တော့ ရင်ဘတ်စည်တီး ဖြစ်ရပြီး ထပ်မံကန့်ကွက် ပါတယ်။ ဘယ့်နဲ့ဗျာ၊ တိုင်းပြည်ကပိုင်တဲ့ ရေမြေတောတောင်တွေကို လူတစ်စုက လူမသိ သူမသိ ရောင်းစားပြီး ပွဲခတွေ အိတ်ထဲထည့်တဲ့ကိစ္စဟာ ဘယ်လိုမှ မလုပ်ကောင်းပါဘူး။ တကယ်သာ ဟုတ်မှန်ခဲ့ရင် အဲသလို ပြစ်မှုကျူးလွန်ခဲ့သူ တွေကို ဘယ်သူကမှ ကြားဝင် ခွင့်လွှတ်ပေးလို့ မရဘူးဗျာ။

ဟုတ်မဟုတ် မှန်မမှန် စစ်ဆေးပေးပါ


ကျွန်တော်တို့ ရေးသားတင်ပြတာတွေကို ဟုတ်မဟုတ် မှန်မမှန် သက်ဆိုင်သူများက တိုင်းပြည်ကို ရှင်းပြဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ မဟုတ်မမှန်ဘူးဆိုတာ ဘ၀င်ကျကျ ယုံကြည်စိတ်ချလောက်အောင် သိရပါ လျှင် ဟောဒီ ကျွန်တော့်ကော်လံကနေပြီး အဲဒီ သက်ဆိုင်သူများကို ကျွန်တော် မှားပါကြောင်း ၀န်ခံရေးသားပြီး အနူးအညွတ် ၀န်ချတောင်းပန်ပါမယ် လို့လည်း စိန်ခေါ်ခဲ့ဖူးပါတယ်။ ဟုတ်မှန်တယ်ဆိုရင်တော့ အဲဒါတွေဟာ ဖြစ်သင့်ဖြစ်ထိုက် တာတွေ ဟုတ်မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အဆုံးအဖြတ် ရယူဖို့ တောင်းဆို ခဲ့ပါတယ်။ ပြည်သူတွေ သိခွင့်ရှိတယ်၊ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီ ခေတ်တည်ဆောက်နေဆိုမဟုတ်လားဗျာ။

ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင်


ကျွန်တော့်ဆောင်းပါးတစ်ပုဒ်မှာ ပြည်သူ့ခေတ်ဂျာနယ်၊ အမှတ် ၆၁၊ ၂၂ စက်တင်ဘာ ၂၀၁၁ စာမျကိနှာ ၂၇ ပါ "ဧရာဝတီအတွက် ရတက်မအေး ကြသူများ" ဆောင်းပါးက အောက်ပါ စာပိုဒ်ကို ကိုးကားဖော်ပြခဲ့တာလည်း ပြန်လည် ရည်ညွှန်းလိုပါတယ်။

"သဘာဝပတ်ဝန်းကျင်အရေးများတွင် ပါဝင် ဆောင်ရွက်နေသူ ကချင်လူမျိုး ကိုမော်ထွန်းက ကျွန်တော်တို့ ကချင်လူမျိုးတွေမှာ ဗမာတွေလို ဘုရင်မင်းဆက်တွေ၊ မင်းနေပြည်တော်တွေနဲ့ နေခဲ့ရတဲ့ သမိုင်းတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကချင်တွေရော၊ ဗမာလူမျိုးတွေရောဟာ တစ်နိုင်ငံတည်း အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ညီအစ်ကို တွေပါ။ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင် ကျွန်တော်တို့ အမြတ်တနိုး တန်ဖိုးထားတဲ့ မြစ်ဆုံရဲ့ သဘာဝ အလှအပ တွေကိုလည်း ချစ်ပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ရေကာတာကြီးဆောက်၊ လျှပ်စစ်ကို ပြည်ပကို ရောင်းစားမှာတော့ မလုပ်ကြပါနဲ့။ မြစ်ဆုံဒေသဟာ ကျွန်တော်တို့ ကချင်လူမျိုး အားလုံးရဲ့ နှလုံးသားပါ။ ဒါလေးတစ်ခုပဲ ကျွန်တော်တို့မှာ ရှိတာပါ။ ဒီတန်ဖိုးရှိတဲ့ အရာကို ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး ဟု သူ့ခံစားချက်ကို မျက်ရည်ကျလျက် ပြောပြပါသည်"

ဘန်ကာအဖွဲ့ရဲ့ အစီရင်ခံစာ


ဒါတင်မက မြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ ၁ဒသမ ၂၅သန်းဖြင့် သုတေသန လုပ်ပေးခဲ့ရတဲ့ ဘန်ကာအဖွဲ့မှ တာဝန်ရှိ တစ်ဦး ဖြစ်သူ ဦးညိုမောင်ရဲ့ အဲဒီအချိန်ကာလက ထုတ်ဖော် ပြောဆိုချက်ကိုလည်း အောက်ပါအတိုင်း ကိုးကားဖော်ပြခဲ့ပါတယ်။

Report မှာ မြန်မာပညာရှင်တွေ ရေးတဲ့Report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ Report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ Report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာပညာရှင်များ ရေးတဲ့ Report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။ ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်း ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ heart land ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်းlandscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။ _ _ _ Sustainable developmentအတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက် သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။

ဦးညိုမောင် ။
ဘန်ကာ (BANCA = Biodiversity and Nature Conservation Association)

ချီဖွေစီမံကိန်းကို တားပေးပါ


အထက်ပါ ကျွန်တော် ကောက်နှုတ်ပြတဲ့ စာနှစ်ပိုဒ်နဲ့ပဲ မြစ်ဆုံစီမံကိန်းကိစ္စ ဘယ်လိုမှ ဘယ်တော့မှ ဇာတ်လမ်း ပြန်မစသင့်ဘူးဆိုတာ ရှင်းလင်းနေပြီလို့ ထင်ပါတယ်။ သည်နေရာမှာ ကျွန်တော် ကြိုတင် စိုးရိမ်ပူပန်နေတာတစ်ခု ရှိနေခဲ့တာ ယခုမကြာသေးခင်ကပဲ အဲဒါကို လက်တွေ့လုပ်နေပြီလို့ ကြားရတော့ အလွန်မှ စိုးရိမ်ပူပန်မိပါတယ်။ အဲဒီကိစ္စကို ကျွန်တော့် စာဖတ်ပရိသတ်တစ်ယောက်က မနေ့တစ်နေ့ကပဲ ကျွန်တော့်ထံ စာလှမ်းရေးပါတယ်။ ခေါင်းစဉ်က "မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ"တဲ့ဗျာ။

မြစ်ဆုံဆည် စီမံကိန်းကို ပြန်လုပ်ဖို့ တရုတ်ပြည် CPI ကုမ္ပဏီက ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်နေတာ ကြာပါပြီ။ တစ်ခါ မြန်မာအာဏာရ နိုင်ငံရေးပါတီ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်က မြစ်ဆုံဆည်ကို ပြန်လုပ်မှာပဲလို့ တရုတ် သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ပြောခဲ့တယ် ဆိုလို့ မကျေနပ်သံတွေ ပွက်လောရိုက် ထွက်ပေါ်ခဲ့ပါသေးတယ်။ သည်အချိန်မျိုးမှာ အခု ချီဖွေ'ကိစ္စ ပေါ်လာတာပဲဗျ။

စာချုပ်လက်မှတ်ထိုးပြီးကြပြီ


ကျွန်တော့်ထံ စာလှမ်းရေးသူက "ကျနော်ပြောချင်တဲ့ အကြောင်းအရာက ပွင့်လင်းမြင်သာမှုမရှိ ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ စီးပွားရေးသမားတွေနဲ့ ဆည် ဆက်ဆောက်မယ့်လူတွေနဲ့ လက်ဝါးခြင်းရိုက်တဲ့ ကိစ္စတွေကို တင်ပြပါရစေ"လို့ အစချီထားပါတယ်။

ပြီးတော့မှ ၁၅ ဒီဇင်ဘာ ၂၀၁၁ နေ့မှာ ကုမ္ပဏီကြီးတစ်ခုနဲ့ စီပီအိုင် ကုမ္ပဏီတို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည် ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဒါတွေအားလုံးကို ကျနော်တို့ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလဲ မဖေါ်ပြပါဘူး။ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။

အရင်စာချုပ်အတိုင်းပဲ


တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း ထဲက (၁)ခုပါ။ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ။ မြစ်ဆုံရဲ့ အထက် မိုင်(၆၀) အကွာ မေခမြစ်ပေါ်မှာ ရှိပြီး မဂ္ဂ၀ပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေက တော့ အရင်စာချုပ်ထဲက အတိုင်းပါ။

မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် ၆ခု ထဲ ခွဲထည့်လို့ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကို လုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ၀န်ထမ်းတွေ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။

စီမံကိန်းကြီးတစ်ခုလုံးရပ်ခိုင်းတာ


သမ္မတကြီးက ရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီး တခုလုံးပါ မြစ်ဆုံလေးတစ်ခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း လူမှု့ရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် သူတို့က သိမ်းမှာပ။ဲ ထွက်လာမည့် လျှပ်စစ်ကလည်း သူတို့နိုင်ငံအတွက်ပဲ။ သူတို့တွေနဲ့ သူတို့ဆီက ပွဲခရသူတွေ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေရင်းလိုက် ရတာပါပဲ အဖတ်တင်ပါတယ်။

အတတ်ပညာရှင်တွေ ဆွေးနွေးခွင့်ပေးပါ


သမ္မတကြီးကို ပြောပေးပါ။ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေ လိုပါတယ်။ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချု့ပ်မှု့မျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။

သမ္မတကြီးမနားပါနဲ့ဦး


သမ္မတကြီးကလည်း ၂၀၁၅ကျရင် နားတော့မယ် တဲ့။ အသက် အရွယ်နဲ့ ကျန်းမာရေးကို အကြောင်းပြတယ်။ သမ္မတကြီး မနားပါနဲ့ဦးလို့ ဆရာမောင်ဝံသ သွယ်ဝိုက်ပြီး ပန်ကြားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးပါတယ်။ ကျွန်တော်တို့လည်း အဲဒီအတိုင်းသဘောတူပါတယ်။ သမ္မတကြီး အခု အသက် ၇၀ မကျော်သေးပါဘူး။ အသက် ၈၀ကျော်အထိ တိုင်းပြည်ကို စီမံခန့်ခွဲ ဦးဆောင်ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးပါ။

ဆက်လုပ်ခွင့်မပေးနိုင်


သမ္မတကြီး ၂၀၁၅မှာ တကယ်နားလိုက်ရင် မြစ်ဆုံကို ဆက်လုပ်ဖို့ လက်ဝါးရိုက်ထားသူတွေလက်ထဲ ၀ကွက်အပ်ခဲ့သလို ဖြစ်သွားပါလိမ့်မယ်။ မြစ်ဆုံကိုလည်း ဆက်လုပ်ခွင့်မပေးနိုင်ပါ။ နားလှည့်ပါးလှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းအပါအ၀င် ဧရာဝတီ ဖြစ်ဖျားခံရာနေရာဒေသက ဘယ်စီမံကိန်း ကိုမဆို ဆက်လုပ်ခွင့်မပေးနိုင်ပါ။ အဲဒါ ကချင်တိုင်းရင်းသားများအပါအ၀င် ပြည်သူအားလုံးရဲ့ တူညီဆန္ဒပါပဲ။

စာဖတ်ပရိသတ် ပြည်သူတစ်ယောက်ရဲ့ ရိုးသားပွင့်လင်းတဲ့ ရင်ဖွင့်သံ ဖြစ်ပါတယ်။

မိုင်းဗုံးကြီး ပိုက်ထားရသလို

တကယ်ကတော့ တစ်ချိန်မဟုတ် တစ်ချိန် တစ်နည်းနည်းနဲ့ အန္တရာယ်အလားအလာရှိတဲ့ ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်တာ အမှန်ပါ။ မြွေပွေး ခါးပိုက်ပိုက် ထားရတာထက် ဆိုးပါမယ်။ အချိန်မရွေးထပြီးပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးကြီးကို ပိုက်ဘောဖမ်းထားရသလို သားစဉ်မြေးဆက် တထိတ်ထိတ်တလန့်လန့် နေနေကြရမှာပါ။

ဒါတင်မက သောင်းချီပြီး လာရောက်အခြေချ နေထိုင် အလုပ် လုပ်ကြမယ့် လူမျိုးခြားတွေက ဒေသခံ ကျွန်တော်တို့ သွေးချင်းတွေကို ဘယ်လို ဆက်ဆံမလဲ၊ ဘယ်လို အမြတ်ထုတ်မလဲ၊ ငွေကြေးဓနအင်အား တွေနဲ့ ဘယ်လို အနိုင်ကျင့်မလဲ၊ နှစ်ပေါင်း ၆၀ ရေရှည်အတွက် စဉ်းစားကြည့်တိုင်း ကျွန်တော် ရင်ထဲ မကောင်းဘူး။ မတင်မကျကြီး ဖြစ်ပြီး တစ်ဆို့နေပါတယ်။ ခုတောင် မန္တလေးမြို့ကြီး ဘယ်လို ဖြစ်နေပြီလဲဗျာ။

မြစ်ကျဉ်းသုံးသွယ် အတွေ့အကြုံ


၂၀၁၁ခုနှစ်၊ စက်တင်ဘာလက ပြည်သူ့ခေတ်ဂျာနယ်မှာပဲ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က တရုတ်ပြည်က မြစ်ကျဉ်းသုံးသွယ် ဆည်ကြီး(Three Gorges Dam)အကြောင်း ပြောပြထားတာ ရင်သိမ့်တုန်စရာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆိုးကျိုးအလားအလာတွေကို ထောက်ပြပြီး ကမ္ဘာက ၀ိုင်းပြောခဲ့ပေမယ့် ၁၉၉၄ကနေ ၂၀၀၆အထိ ၁၂နှစ်ကြာ ဇွတ် ဆက်ဆောက်ခဲ့တယ်။ လူပေါင်း ၁သန်း ၃သိန်း ရွှေ့ပြောင်းပေးခဲ့ရတယ်။ ၂၀၁၀ ကျတော့ မြို့ကြီး ၁၃မြို့ မြို့ငယ် ၁၄၀နဲ့ ကျေးရွာ ၁၃၅၀ ရေမြုပ်ခဲ့ရတယ်။ သူတို့အစိုးရ ခေါင်းမာပြီး လုပ်ချင်တာ ဇွတ်လုပ်လို့ ပြည်သူ သန်းချီပြီး ဒုက္ခ ဆင်းရဲ ရောက်ခဲ့ရတဲ့ အကြောင်း ဖတ်ရတာ ကြက်သီးတောင် ထမိပါရဲ့ဗျာ။

ကျွန်တော်တို့ဆီ ဘာကြောင့်လာသလဲ


သူတို့ပြည်ကြီးဟာ အကျယ်ကြီးပါ။ မြစ်တွေ ချောင်းတွေလည်း အများကြီးပါ။ သူတို့ဆီမှာ လုပ်စရာနေရာတွေ အများကြီး ရှိပါလျက်နဲ့ မြစ်ကျဉ်းသုံးသွယ်ဆည်ကြီးရဲ့ ဆိုးကျိုးဒဏ်တွေကို ခံလိုက်ရတဲ့ ၂၀၀၆ခုနှစ် နောက်ပိုင်းမှာမှ ကျွန်တော်တို့ဆီ အောက်ကြေးရအောင်နှိုက်ပြီး မြစ်ဆုံမှာ ဘာကြောင့်လာလုပ်ကြပါလိမ့်။

မျိုးချစ် ပြည်ချစ် ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများ၊ စဉ်းစားကြပါ၊ ဆင်ခြင်ကြပါခင်ဗျား။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template